DVB Logo
Home
မြန်မာသတင်း
အစိုးရစစ်ကြောင်း ရွာမီးရှို့သဖြင့် ဒုက္ခသည် ထောင်ချီ ထွက်ပြေး
DVB
·
November 10, 2011
Donate to DVB

မနေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) ရဲ့ တပ်ရင်း ၃ ရှိရာ စန်ပိုင်ဒေသဘက်ကို ချီတက်လာတဲ့ အစိုးရစစ်ကြောင်းတွေက အိမ်ခြေ ၅ဝ ရှိ ကချင်ကျေးရွာကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

အခုလို ရွာမီးရှို့ခဲ့တဲ့ တချိန်တည်းမှာ အစိုးရစစ်ကြောင်းတွေ ချီတက်ရာလမ်းတလျောက်က ကျေးရွာသားတွေကို ကေအိုင်အေက  ပြောင်းရွှေ့ခိုင်းထားတာကြောင့် အခုအခါ ကျေးရွာသားထောင်နဲ့ချီ တရုတ် နယ်စပ်ဘက် ထွက်ပြေးလာနေတယ်လို့ အဲဒီဒေသအတွင်းရောက်ရှိနေတဲ့ သတင်းထောက်တဦးက ပြောပါတယ်။

“စန်ပိုင်နဲ့ ဂါးဒါယန်ကြားထဲမှာပေါ့။ အဲဒီရွာမှာ ဗမာစစ်တပ်က မနေ့က တည်း က ဝင်ထိုးဖို့လုပ်တယ်။ အောင်ဂျာရွာ ရောက်တော့ အောင်ဂျာရွာ မီးရှို့သွားတယ်။ အဲဒီမှာ အိမ်ခြေ ၅ဝ လောက်ရှိတယ်။ အိမ်ကြီးအိမ်ကောင်းတွေလည်း ရှိတယ်။ ရွာထဲမှာက ကေအိုင်အေ မရှိဘူး၊ ရွာအပြင်မှာ ကေအိုင်အေရှိတယ်။ အခုကတော့ ကေအိုင်အေက အဲဒီနားကရွာအကုန်လုံးကို ရွှေ့ခိုင်းလိုက်တော့ အားလုံးပေါင်း ရွာသား ၃,ဝဝဝ လောက် အကုန်လုံး ထွက်ပြေးလာပြီ။ သူတို့ကလည်း လွတ်ရာလွတ်ကြောင်း တရုတ်ပြည်ဘက် ဦးတည်လာနေကြတဲ့ အနေအထားမှာ ရှိတယ်။”

ကေအိုင်အေ တပ်ရင်း ၃ ရှိရာဘက်ကို အစိုးရတပ်ရင်းတွေ ချီတက်လာနေသလို ကေအိုင်အေဘက်ကလည်း အင်အားအများအပြားနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။

“စန်ပိုင်ဘက်မှာကတော့ ကေအိုင်အေက ၆ဝဝ၊ ၇ဝဝ လောက်ရှိမယ်။ တပ်ကူတွေလည်း ဒီနေ့ ရောက်လာတယ်။ ကားလမ်းမကြီးဖြစ်နေတာ။ အဲဒီဟာကြီးက ဘယ်လို ပြောမလဲဆိုတော့ ဒီဘက်က ဗမာတပ်တွေက ရိက္ခာတွေ ပြတ်နေတော့ အဲဒါတွေ တပ်ကူလွှတ်တာလည်း ပါတာပေါ့။ ထိုးတာကတော့ ၃၂၁ တပ်က ထိုးတာ။ ၅၈ ရယ်၊ အားလုံးပေါင်း ၇ ရင်း၊ ၈ ရင်း လောက်ရှိမယ်။ ဒီမှာ တိုက်ပွဲဖြစ်တာ ရက်ပေါင်း ၂ဝ ကျော် ၂၅၊ တလနီးနီးလောက်ရှိပြီ။”

အစိုးရတပ်စစ်ကြောင်းတွေက စစ်သားတွေဟာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး လုပ်နေတဲ့သဘော ရှိတယ်လို့ ရွာသားတွေရဲ့ ပြောစကားကို ကိုးကားပြီး သူက ပြောပါတယ်။

“တချို့ အဲဒီဘက်က ရွာသားတွေ ပြောတာက သင်းအုပ်ဆရာတွေကို ရိုက်နှက်ပြီးတော့ သင်းအုပ်ဆရာအိမ်တွေ မီးရှို့လိုက်တယ်။ သင်းအုပ်ဆရာက ဝိုင်းမော်နားက မုန့်ကြိတ်ရွာ။ သင်းအုပ်ဆရာမိန်းမ တယောက် ကိုယ်ဝန်ကြီးနဲ့ဟာ၊ သူတို့​ ထိုးကြိတ်ထားတာ မြစ်ကြီးနား ဆေးရုံ ရောက်နေတယ် ပြောတယ်။”

အခုနှစ် ဇွန်လဆန်းပိုင်းကစလို့ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာရာ အခုအခါ ကေအိုင်အေစခန်းတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရ တပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013