Home
ဆောင်းပါး
မဟာ သော်တာလမင်း
DVB
·
November 14, 2016
ဒီည တန်ဆောင်မုန်းလပြည့်နေ့မှာသာမယ့် လမင်းကြီးဟာ နှစ်ပေါင်း ၆၉ နှစ်အတွင်းမှာ အကြီးဆုံးဖြစ်ပါမယ်။ ကျနော့်တသက်မှာ သည်တခါသာ။ လနဲ့ ကမ္ဘာကြီးနဲ့ အနီးဆုံးဖြစ်လို့ပါ။ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၁၄-၁၁-၂ဝ၁၆ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မနက် ၈ နာရီ ၅၂ မိနစ်မှာ အထွတ်အထိပ် ရောက်ပါမယ်။ မြန်မာပြည်မှာ ည ၈ နာရီ၊ ၄၆ မိနစ်၊ ၃၅ စက္ကန့်လို့ ကွန်မင့်ကနေ ပြောပြတာ ဖတ်ရပါတယ်။ ကျေးဇူး။ အဲဒီအချိန်မှာ လဟာ ကမ္ဘာကြီးနဲ့ ၂၂၁,၅၂၄ မိုင် (၃၅၆,၅ဝ၈ ကီလိုမီတာ) အကွာမှာ ရောက်နေပါမယ်။ ၁၄-၁၁-၂ဝ၁၆ (မြန်မာပြည် ၁၅ ရက်) နေ့မှာ မြင်ရမယ့်လကို စူပါမွန်းခေါ်တယ်။ (စူပါ-ဒူပါ-မွန်း) လို့လည်း ခေါ်ကြပါတယ်။ (ဘရေဗာ-မွန်း) လို့လည်း ခေါ်တယ်။ လဟာ ကမ္ဘာရဲ့ တခုတည်းသော အမြဲတမ်း သဘာဝအရန်ဂြိုဟ် ဖြစ်တယ်။ ကမ္ဘာကနေ ပျမ်းမျှ ၂၃၈,၉ဝဝ မိုင် (၃၈၄,၄ဝဝ ကီလိုမီတာ) ဝေးတယ်။ အလင်းစက္ကန့် ၁ ဒသမ ၂၈ ဝေးတယ်။ လသက်တမ်း ခန့်မှန်းနှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံ ရှိမယ်။ လဟာ ကမ္ဘာနဲ့ အဆင်ပြေပြေ လည်လှည့်နေတယ်။ ကမ္ဘာကြီးကို ၂၇့၃ ရက်မှာ တပတ် ပတ်နေပါတယ်။ သူ့မျက်နှာပြင် တခုတည်းကိုသာ ကမ္ဘာကနေ မြင်နိုင်တယ်။ လကိုမြင်နိုင်တာ တရက်ထက်တရက် မိနစ် ၅ဝ ဝန်းကျင် နောက်ကျတယ်။ လဆွဲအားကြောင့် ကမ္ဘာပေါ်မှာ ဒီရေအတက်အကျ ဖြစ်စေတယ်။ နေ့တာကိုလည်း နည်းနည်းလေး ရှည်၊ တိုစေတယ်။ လဟာ ကမ္ဘာကို ၂၇့၃ ရက် တပတ် ပတ်နေတယ်။ လမျက်နှာကို ၂၉့၅ ရက် တခါ အပြည့်ပြန်မြင်နိုင်တယ်။ 1.022 km/s နှုန်းနဲ့ သွားနေတယ်။ 5.145° စောင်းနေတယ်။ လ အီကွေတာ အချင်းဝက်မျဉ်း 1738.1 km ရှည်တယ်။ ကမ္ဘာရဲ့ 0.273 သာ ရှိတယ်။ လမျက်နှာပြင်ဧရိယာ 3.793×107 km2 ရှိတယ်။ ကမ္ဘာရဲ့ 0.074 သာ ရှိတယ်။ ထုထည် 2.1958×1010 km3 ရှိတယ်။ ကမ္ဘာရဲ့ 0.020 သာ ရှိတယ်။ မျက်နှာပြင်ဆွဲငင်အား 1.62 m/s2 ရှိတယ်။ လအပူချိန် အနည်းဆုံး 100 K ကနေ 390 K ရှိတယ်။ ၂ဝ၁၆ ခုနှစ်ထဲမှာ စူပါ-မွန်း ၃ ခုကို မြင်ရပါတယ်။ ၁၆-၁ဝ-၂ဝ၁၆ နေ့က တခါနဲ့ ၁၄-၁၂-၂ဝ၁၆ မှာ တခါ။ အခုနှစ် တန်ဆောင်မုန်းလပြည့်ကတော့ အကြီးဆုံးဖြစ်တယ်။ တန်ဆောင်မုန်းလပြည့်ညမှာ သာမယ့် လမင်းကြီးဟာ ၃ဝ% ပိုပြီး အလင်းရောင် တောက်ပနေပါမယ်။ အရွယ်အစား ၁၄% ပိုကြီးပါမယ်။ နောက်တကြိမ် ၂ဝ၃၄ ခုနှစ် နိုဝင်ဘာလရောက်မှသာ အဲလို နီးနီးကပ်ကပ် ပြန်ရောက်နိုင်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်၊ ရာသီပွဲတော် အဆုံးမှာ တန်ဆောင်မုန်းလ ပြည့်ပါတယ်။ ကောင်းကင်မှာ မိုးသားကင်းစင်ပြီး နက္ခတ်အပေါင်း စုံတဲ့ အခါသမယပါ။ ဆီးနှင်းတပြိုက် မိုးတလိုက်ဆိုပေမယ့် ဆီးနှင်းကလည်း ထူထဲခြင်းမရှိ၊ မိုးကလည်း သည်းထန်ခြင်း မရှိလှပါ။ ခြေခင်းလက်ခင်း သာယာလှတဲ့ လွန်ခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ဝန်းကျင်မှာ ပုဂံ၊ ညောင်ဦး ဘုရားဖူးသွားခဲ့ဖူးပါတယ်။ ၁၉၈ဝ မတိုင်ခင်ကလို့ ပြန်တွက်ယူရပါတယ်။ ခဝဲပွင့်တုန်း တန်ဆောင်မုန်းလို့ စာဆိုရှိပါတယ်။ ဒီလထဲမှာပဲ ကြာ၊ ပြည်ပန်းညို၊၊ မယ်ဇလီနဲ့ နှင်းပန်းတွေလည်း ပွင့်ကြတယ်။ လူငယ်တွေက ကျီးမနိုးပွဲနဲ့ ပျော်ကြမယ်။ စေတနာ ထက်သန်သူ တို့က ပံ့သကူအလှူလည်း လုပ်ကြမယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဆေးပေါင်းခတဲ့လ ဖြစ်လို့ ဒီလမှာပွင့်တဲ့ မယ်ဇလီဖူး၊ မယ်ဇလီပွင့်တွေကို စားရင် ရောဂါမျိုး ၉၆ ပါးကင်းတယ်လို့ မြန်မာလူမျိုးတွေက ယူဆကြတယ်။ ယုံကြည်စိတ်ကနေ ရောဂါဝေဒနာ ပျောက်ကင်းရေးမှာ အထောက်အကူပြုမှာ အမှန်ပါ။ အခုရောက်နေတဲ့ အရပ်မှာတော့ မယ်ဇလီအပင်၊ အပွင့်၊ အဖူး၊ မူးလို့တောင် ရှူစရာမရှိပါ။ ခေါင်းမူးတတ်လို့ ဘူးနဲ့လာတာပဲ ဝယ်စားကြပါမယ်။ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကာလက တန်ဆောင်မုန်းလပြည့်နေ့မှာ ကျန်းမာရေးနဲ့ ပတ်သက်တာ ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ သာမညဖလသုတ် ဟောခဲ့ရတဲ့အကြောင်းက အဇာတသတ် မင်းသားပါ။ သူ့မှာ ကံကြီးထိုက်ပြီး အိပ်မပျော်တဲ့ဝေဒနာ စွဲကပ်နေပါတယ်။ သမားတော်ကြီး ဇီဝက လှူထားတဲ့ ရာဇဂြိုဟ်မြို့အပြင် သရက်ဥယျာဉ်မှာပဲ ရဟန်းပြုခြင်းအကျိုးကို မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။ ဇီဝကလို တော်လှတဲ့ သမားတော်က ကုမရတဲ့ ရောဂါကို တရားတော်နဲ့ ပျောက်ကင်းစေခဲ့တယ်။ ကနေ့ခေတ်မှာ ကုမရတဲ့၊ အကုရခက်တဲ့ ရောဂါတွေက များလှတယ်။ ကုထုံးနည်းနာတွေ ရှိပေမယ့်လည်း ကုန်ကျစရိတ်က များလွန်းတယ်။ ဆိုးဝါးပြင်းထန်တဲ့ ရောဂါတွေအကြောင်း မေးသူတိုင်းကို စိတ်ကို အပြုသဘောဆောင်ပါ၊ ကံတရားလည်း အားကိုးပါလို့ အမေး၊ အဖြေ အဆုံးမှာ ရေးပေးပါတယ်။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဆေးပေါင်းခတဲ့ညမှာ ဝေဒနာတွေ ကင်းပကြပါစေ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024