အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးမြှင့်တင်သွားရန် အဆင်သင့်ရှိဟု တရုတ်ပြော

ဓာတ်ပုံ-ရိုက်တာ
703
တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့် သမ္မတရာထူး လက်ခံပြီးတဲ့အခါမှာ ဆက်ဆံရေး မြှင့်တင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။
ထရမ့်လက်ထက်မှာလည်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ပြီး အပြန်အလှန် နားလည်မှု တိုးတက်အောင် ဆောင်ရွက်သွားဖို့ ဆန္ဒရှိတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တူရကီနိုင်ငံ အန်ကာရာမြို့မှာ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
သမ္မတ ရှီကျင့်ပင်ကလည်း ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်တဲ့အကြောင်း ပြောကြားခဲ့ပြီး အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံရေး တိုးမြှင့်သွားဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
ထရမ့်ရဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ဟာ လက်ရှိမူဝါဒထက် သူစိမ်းဆန်တယ်လို့ ဆိုရမှာပါ။
ရွေးကောက်ပွဲ မဲဆွယ်တဲ့ကာလမှာ ထရမ့်က တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုကြားက ကုန်သွယ်ရေးမှာ မညီမျှတဲ့သဘောဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်မှုနဲ့ စီးပွားရေးကျဆင်းမှုဟာ တရုတ်နိုင်ငံကြောင့်ဆိုပြီး ထရမ့်က အပြစ်တင်ခဲ့ပါတယ်။
အရင်တပတ်က တရုတ်သမ္မတ ရှီကျင့်ပင်က ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲအတွက် ဂုဏ်ပြုသဝဏ်လွှာမှာ နှစ်နိုင်ငံကြားက ဆက်ဆံရေးကို တန်ဖိုးထားတဲ့ အကြောင်း၊ ရှေ့ဆက်လည်း နှစ်နိုင်ငံကြားမှာ ရေရှည်ခိုင်မြဲပြီး အပြန်အလှန် အကျိုးရှိတဲ့ ဆက်ဆံရေး ဖြစ်ဖို့နဲ့ ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေမှာ အပြန်အလှန် လေးစားမှု၊ နှစ်ဘက် အကျိုးဖြစ်ထွန်းစေပြီး ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားတဲ့ အခြေခံမူတွေနဲ့ လက်တွဲ ဆောင်ရွက်သွားလိုတဲ့အကြောင်း ဖော်ပြထားပါတယ်။