Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော်အတွက် ဘတ် ၅ သန်းပေးလျော်ရန် တရားရုံးဆုံးဖြတ်
နန်းမြနဒီ
·
November 14, 2016
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ အလုပ်ရှင်ထွက်ပြေးပုန်းရှောင်နေလို့ လုပ်အားခမရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၈၀ ကျော်အတွက် ဘတ်ငွေ ၅ သန်းပေးလျော်ဖို့ အမှတ် ၅ ခရိုင် အလုပ်သမားတရားရုံးက စီရင်ဆုံးဖြတ်လိုက်ပါတယ်။ ပါဖက်တိုဆောက်လုပ်ရေးကုမ္ပဏီဟာ ဒီနှစ်ဆန်းပိုင်းက အလုပ်သမား ၁၉၅ ဦးကို လုပ်အားခရှင်းမပေးဘဲ ထွက်ပြေးနေတဲ့အတွက် အလုပ်သမားတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပြီး ဒီနေ့မနက်မှာတော့ တရားရုံးကနေ အပြီးသတ် စီရင်ဆုံးဖြတ်ခဲ့တာလို့  အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက စိုင်းပိုင်းက ပြောပါတယ်။ “အလုပ်သမားတွေ သူတို့ရပိုင်ခွင့်အတွက် ဒီနှစ်စကတည်းက အလုပ်သမား ကာကွယ်ရေးရုံးမှာ အကြိမ်ကြိမ် အလုပ်ပျက်ခံပြီး လာရတာ ဒီနေ့တော့ လာရကျိုးနပ်ပါပြီ။ ပါဖက်တိုကုမ္ပဏီက အလုပ်သမားတွေကို ပေးစရာရှိတဲ့ ဘတ် ၅ သန်းကျော်ကို ရက်ပေါင်း ၃၀ အတွင်း လာပေးဖို့ အလုပ်သမားတရားရုံးက အမိန့်ချမှတ်တယ်၊ သတ်မှတ်ထားတဲ့ရက်အတွင်း လာမပေးရင် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု တိုက်တွေ၊ ကားတွေ၊ ခြံမြေတွေကို သိမ်းဆည်းတာတွေ လုပ်လိမ့်မယ်။” အဆိုပါ ဘတ်ငွေ ၅ သန်းကျော်မှာ ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ ပုံမှန်လုပ်အားခ၊ အချိန်ပိုအလုပ်ဆင်းခ၊ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်လိုက်တဲ့ လျော်ကြေးငွေတွေ ပါဝင်ပါတယ်။ လုပ်ခမရတဲ့ အလုပ်သမားစုစုပေါင်း ၁၉၅ ဦးရှိပေမယ့် ၁၈၂ ဦးသာ အမှုကိုဆက်လက်ရင်ဆိုင် တောင်းဆိုပြီး ကျန်သူတွေကတော့ မြန်မာပြည်ပြန်သွားသူနဲ့ တခြားခရိုင် ရွှေ့ပြောင်းသွားကြသူတွေလို့ ဆိုပါတယ်။ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လကလည်း အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေဌာနကနေ ထုတ်ပေးတဲ့    အလုပ်လက်မဲ့သူများအတွက် ကရုဏာကြေးငွေပေါင်း ဘတ် ၂ သန်းကျော် ရခဲ့ပါသေးတယ်။ အဆိုပါအလုပ်သမားတွေထဲမှာ ၉၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က တိုင်းရင်းသားတွေ အများစု ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024