DVB Logo
Home
မြန်မာသတင်း
ဆယ်နှစ်ကျော်ကြာ ပြသခွင့် ပိတ်ခံထားရသည့် ဦးဘဂျမ်း ကာတွန်းပြပွဲ ပြန်ပြပြီ
DVB
·
November 10, 2011
ဆယ်နှစ်ကျော်ကြာ ပြသခွင့် ပိတ်ခံထားရသည့် ဦးဘဂျမ်း ကာတွန်းပြပွဲ ပြန်ပြပြီ
Donate to DVB

ဆယ်နှစ်ကျော်ကြာ ပြသခွင့်မရခဲ့တဲ့ ရန်ကုန်မြို့ ၁၃ လမ်း ကာတွန်း ဦးဘဂျမ်းကာတွန်းပြပွဲကို နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့ထိ ဖွင့်လှစ်ပြသနေပါတယ်။

ဦးဘဂျမ်းရေးဆွဲခဲ့တဲ့ ကာတွန်းတွေ​ အပါအ၀င်၊​ ​ရွှေမင်းသား၊ ​ငွေကြည်၊​ ​မြေဇာစတဲ့ ကာတွန်းဆရာတွေနဲ့  ကာတွန်းဆရာ ၉၀ ကျော်ရဲ့ ကာတွန်းကားပေါင်း ၃၅၀ လောက်ကို ခင်းကျင်းပြသထားပြီး ခေတ်ကိုထင်ဟပ်တဲ့ လူမှုရေးနဲ့စီးပွားရေးကာတွန်းတွေ အများစုပြသထားတယ်လို့ ပွဲဖြစ်မြောက်ရေးအတွင်းရေးမှူး ပန်းချီ ဦးငွေအုန်းက ပြောပါတယ်။

ကာတွန်းတွေကို စိစစ်ရေးကလာရောက်စစ်ဆေးခြင်းမရှိပေမယ့် အခုလိုမျိုးပြသခွင့် ရေရှည်တည်တံ့စေချင်တာမို့ နိုင်ငံရေးကာတွန်းကားတွေကို အနည်းအကျဉ်းပဲ ထည့်သွင်းပြသထားတယ်လို့လည်း ဆိုပါတယ်။

ဦးဘဂျမ်း ကာတွန်းပြပွဲကို စိတ်ဝင်စားကြတဲ့အကြောင်းနဲ့ နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းသွားမယ်လို့ ဦးငွေအုန်းက ပြောပါတယ်။

“လူတွေက ဒါကို တောင်းတနေတာ နယ်တွေက လာကြည့်ကြတယ်။ စရိတ်ကုန်ခံပြီး လာကြည့်တာ၊ နိုင်ငံခြား ရောက်သွားတဲ့သူတွေကလည်း ဒီမှာ တခါတည်း ဦးဘဂျမ်းကာတွန်း ဓာတ်ပုံတွေကို ရိုက်ပြီး သူတို့ နိုင်ငံခြားကို ပို့မှာ။ ဟိုကလည်း ကြည့်ချင်လို့ တောင်းနေတာ။ ဆရာလုပ်ခဲ့တဲ့ဟာတွေက မတိမ်ကော မပျောက်ပျက်အောင် ဆက်ထိန်းနေတာ။ ဆက်ထိန်းပြီးတော့ နောက်ပိုင်း ကလေးတွေကိုလည်း လွှဲမှာပေါ့လေ။ ကလေးတွေ နောက်ပိုင်း ဆက်လုပ်တတ်သွားအောင် လွှဲပေးဖို့ စိတ်ကူးထားတယ်။”

ကာတွန်းပြပွဲ စတင်တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာတင် ညသန်းခေါင်တိုင်တဲ့ထိ ပရိသတ် စိတ်ဝင်တစား လာရောက် အားပေးကြည့်ရှုခဲ့ကြတယ်လို့ ၁၃ လမ်းနေ ပြည်သူတဦးက ပြောပါတယ်။

ကာတွန်းပြပွဲကို ၆၈ ကြိမ်မြောက် ပြသနေတာဖြစ်ပြီး တခေတ်တခါက တန်ဆောင်တိုင် ၁၃ လမ်း ကာတွန်းပြပွဲဟာ အင်မတန် ထင်ရှားပြီး နာမည်ကြီး ကာတွန်းဆရာပေါင်းများစွာကို မွေးထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လမ်းမတော် ၁၃ လမ်းမှာ နေထိုင်ခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုပြီး ပြုလုပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် သီတင်းကျွတ်ကာလ ရန်ကုန်၊ ပုဇွန်တောင်၊ ရေကျော်လမ်း ကာတွန်းပြပွဲကစပြီး ကာတွန်းပြပွဲတွေ ပြန်လည်​ ​ပြသခွင့်ရခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း ရန်ကုန်မြို့ ယောမင်းကြီးလမ်းက gallary ၆၅ မှာ ကာတွန်းမြစ်လို့ နာမည်ပေးထားတဲ့ ကာတွန်းဆရာ ပေါင်းစုံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာတွန်းပြပွဲ ပြသဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013