DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်များ​ အသင်း​အဖွဲ့​အဖြစ် မှတ်ပုံတင်ရန် စဉ်း​စား​နေ
DVB
·
November 9, 2011
Donate to DVB

ကိုမင်း​ကိုနိုင်နဲ့​ ဂဂမျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်တချို့​ ပြန်မလွတ်လာ​သေး​ပေမယ့်​ မကြာခင်က ပြန်လွတ်လာသူ​တွေက အသင်း​အဖွဲ့​တခုအ​နေနဲ့​ တရား​ဝင် မှတ်ပုံတင်သင့်​၊​ မတင်သင့်​ စဉ်း​စား​နေတယ်လို့​ သိရပါတယ်။

မကြာခင်က လွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တချို့​နဲ့​ မလွတ်​မြောက်​သေး​တဲ့​ ​ခေါင်း​ဆောင်​တွေရဲ့​ မိသား​စု​တွေ ပထမဆုံး​အကြိမ် ပြန်လည်​တွေ့​ဆုံတဲ့​အခါမှာ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

“တရား​ဝင် အသင်း​အဖွဲ့​လေး​ တခုအ​နေနဲ့​ စပြီး​တော့​ လုပ်သင့်​ပါတယ်။ လုပ်တယ်ဆိုတာ ကျ​နော့်​တို့​အတွက် လုပ်တာမဟုတ်ဘူး​၊​ ​ထောင်ထဲက လွတ်လာမယ့်​ လူ​တွေအတွက် အရန်သင့်​ ပြင်တဲ့​ သ​ဘော​ပေါ့​နော်။ ဥပမာဗျာ နိုင်ငံ​ရေး​အဖွဲ့​လေး​ ဖြစ်ရင်လည်း​ ဖြစ်မယ် သို့​မဟုတ် ပရဟိတ အဖွဲ့​လည်း​ ဖြစ်ရင် ဖြစ်မယ်။ ဒါကလည်း​ ကျ​နော်တို့​ အား​လုံး​ တိုင်ပင်ပြီး​တော့​ အခု ဒီပွဲမှာ ဒီမိသား​စု​တွေကို ​မေး​ပြီး​တော့​ သူတို့​တွေကို ​ထောင်​တွေထဲကို ဧည့်​တွေ့​သွား​တဲ့​အချိန်မှာ ကျ​နော့်​ ညီ​တော် ​နောင်​တော်​တွေကို ​မေး​ခဲ့​ပါ၊​ ကျ​နော်တို့​ အ​နေနဲ့​ ဘယ်လို ရပ်တည်ရမလဲ​ပေါ့​နော်။ ကျ​နော်တို့​က​တော့​ ဒီလို ဆန္ဒ​လေး​ ရှိပါတယ်ဆိုပြီး​ သူတို့​ကို ​ပြောလိုက်တယ်။ သူတို့​တွေက ​ထောင်ဝင်စာသွား​ပြီး​ ​တွေ့​ကြမယ်၊​ ​တွေ့​ပြီး​ပြန်လာတဲ့​အချိန်မှာ သူတို့​ရဲ့​ သ​ဘောထား​တွေကို ပြန်​ပြောကြပါလိမ့်​မယ် ခင်ဗျ။”

ဒါ​ပေမယ့်​ ​ထောင်ထဲက ​ခေါင်း​ဆောင်​တွေ ပြန်မလွှတ်မချင်း​ အပြင်က လူ​တွေအ​နေနဲ့​ ပါတီ​ထောင်ဖို့​၊​ ​ရွေး​ကောက်ပွဲဝင်ဖို့​ အစီအစဉ်မရှိ​သေး​ဘူး​လို့​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​အုပ်စုထဲက ၁၀ ဦး​ လွတ်​မြောက်လာခဲ့​ပြီး​ ​နောက်ထပ် ၂၇ ဦး​က​တော့​ အခုအချိန်ထိ မလွတ်​မြောက်​သေး​ပါဘူး​။

ပြီး​ခဲ့​တဲ့​လက ရှမ်း​ပြည်နယ်၊​ လား​ရိုး​ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ ကိုမင်း​ဇေယျကို ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ ဇနီး​ဖြစ်သူ မချိုချိုဝင်း​က အခုလို​ပြောပါတယ်။

“သူက​တော့​ ​ပြောတာပဲ။ သူတို့​ကို အမှန်တကယ်​တော့​ ဒီအချိန် ဒီအခါကြီး​ ထိန်း​သိမ်း​ထား​တယ်ဆို​တော့​ လွှတ်​ပေး​သင့်​ပြီလို့​ သူက အဲဒီလိုမျိုး​။ သူတို့​ကလည်း​ နဂိုကတည်း​က သူတို့​ကိုယ်သူတို့​ အပြစ်မရှိဘဲနဲ့​ ထိန်း​သိမ်း​ခံထား​ရတယ် အဲဒီလို ယူဆတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန် အခုအ​ခြေအ​နေ ​ရောက်မှ​တော့​ သူတို့​ကို လွှတ်​ပေး​သင့်​ပြီလို့​ သူက အဲဒီလိုမျိုး​ ​ပြောတယ်။”

ကိုမင်း​ကိုနိုင်​ခေါင်း​ဆောင်တဲ့​ ဂဂမျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ​လောင်စာဆီ ကုန်​ဈေး​နှုန်း​ကြီး​မြင့်​မှုအ​ပေါ် မ​ကျေနပ်တဲ့​ ပြည်သူ​တွေကို ဦး​ဆောင်ပြီး​ ငြိမ်း​ချမ်း​စွာ လမ်း​လျှောက် ဆန္ဒခဲ့​လို့​ ၂၀၀၇ ခုနှစ်က အဖမ်း​ခံခဲ့​ရပြီး​ နယ်​ဝေး​ထောင်​တွေမှာ နှစ်ရှည်​ထောင်ဒဏ်​တွေ ကျခံ​နေရပါတယ်။

အောက်တိုဘာလက သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော် ပြန်လွတ်​မြောက်ခဲ့​ပြီး​ ​နောက်ထပ် ၁၆၀၀ ​ကျော် ကျန်​နေ​သေး​တယ်လို့​ ထိုင်း​ - မြန်မာ နယ်စပ်အ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013