Home မြန်မာသတင်း အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဒီကေဘီအေက လူထုရှင်းလင်းပွဲလုပ်မည်
အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဒီကေဘီအေက လူထုရှင်းလင်းပွဲလုပ်မည်
နော်နိုရင်း
·
November 9, 2011
dkba IMG_5948 အစိုးရနဲ့ ယာယီအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး မနက်ဖြန် လူထုရှင်းလင်းပွဲ လုပ်ဆောင်မယ်လို့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ပြောပါတယ်။
ဒီကေဘီအေ တပ်ဖွဲ့ရဲ့ ပြည်ပဆက်ဆံရေး တာဝန်ခံဗိုလ်မှူး စောလုံ့လုံက “ကျနော်တို့ ယာယီအပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာတွေ လုပ်ဆောင်ခဲ့သလဲဆိုတာ လူထုသိအောင် ချပြမယ်။ ပြီးတော့ ရှေ့ဆက်ပြီးတော့ ဘာတွေ လုပ်ကြမလဲဆိုတာကို ကျနော်တို့ ဆွေးနွေးကြမယ်။ လူထုကလည်း ဘာတွေ လုပ်ချင်သလဲဆိုတာကို ကျနော်တို့ မေးမြန်းပြီးတော့ ကျနော်တို့ပြည်နယ် တိုးတက်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ လုံခြုံရေးအတွက် လူထုနဲ့ လက်တွဲပြီး တည်ဆောက် လုပ်ဆောင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ပါတယ်။
“ကျနော်တို့ အနေနဲ့က အခြေအနေ ပေးရင် ပေးသလို လူထုနဲ့ မပြတ်ဆက်ဆံပြီးတော့ လူထု သဘောထားတွေကို မေးမြန်းတီးခေါက်ဖို့ လူထုစကားနားထောင်ဖို့၊ အခုလို လုပ်တာကိုလည်း လူထုကလည်း သိပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လာပြီးတော့ နားထောင် ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့” လို့ ပြောပါတယ်။
ရှင်းလင်းပွဲကို ကရင်ပြည်နယ် မြဝတီမြို့ တာအုပ်ရွာမှာ ပြုလုပ်မှာဖြစ်ပြီး နယ်စပ်မှာရှိတဲ့ မီဒီယာအဖွဲ့တွေကိုလည်း ဖိတ်ကြားထားတယ်လို့ ပြောပါတယ်။
ဒီကေဘီအေတပ်ဖွဲ့နဲ့ ကရင်ပြည်နယ်အစိုးရတို့ တွေ့ဆုံဆွေးနေစဉ် အချက် ၅ ချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။
အဲဒီအချက်တွေကတော့ နိုဝင်ဘာလ ၆ ရက်နေ့ကစပြီး အပစ်အခတ် ရပ်စဲဖို့၊
အပစ်အခတ် ရပ်ထားတဲ့ကာလအတွင်း ဒီကေဘီအေတပ်ဖွဲက ဆုံဆည်းမြိုင်နေရာ ပတ်ဝန်းကျင်မှာ ယာယီအခြေပြုနေထိုင်ဖို့၊
နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုဆက်ဆံမှု လုပ်နိုင်ရေးအတွက် မြဝတီမြို့မှာ ဆက်ဆံရေးစခန်ဖွင့်ဖို့၊
အပစ်ရပ်ကာလအတွင်း နှစ်ဖက် သဘောတူထားတဲ့ နယ်မြေကလွဲပြီး နယ်မြေကျော်ပြီး လက်နက်ကိုင်ဆောင်သွားလာရင် ကြိုတင် ညှိနှိုင်းပြီးမှ သွားလာဖို့နဲ့၊
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့် အဖွဲ့နဲ့ ဗိုလ်ချုပ်စောလာဘွယ်ဦးဆောင်တဲ့အဖွဲ့တို့ နှစ်ဦးနှစ်ဘက်သဘောတူတဲ့ နေရာ၊ သဘောတူတဲ့ အချိန်မှာ အပစ်ခတ်ရပ်စဲရေးကနေ ထာဝရ ငြိမ်းချမ်းရေးရတဲ့အထိ ဆက်လက်ဆွေးနွေးဖို့ ဆိုပြီး အချက် ၅ ချက်ကို သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။
အချက် ၅ ချက်ထဲက ၄ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပေမယ့် နောက်ဆုံးအချက်ဖြစ်တဲ့ ပြည်ထောင်စုအဆင့်မှာ ထာဝရငြိမ်းချမ်းရေး ဆွေးနွေးဖို့ကတော့ တခြားလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးနိုင်ဖို့ ညှိနှိုင်းနေတုန်းပဲလို့ ပြည်နယ်အစိုးရက ပြောကြောင်း ဗိုလ်မှူးစောလုံ့လုံက ပြောပါတယ်။
“အမြန်ဆုံး လုပ်ဆောင်မယ်လို့တော့ သူတို့ပြောတယ်။ အခု လောလောဆယ်မှာ ကချင်အဖွဲ့မှာ ရှိတဲ့ ၅ ဖွဲ့လုံးနီးပါးနဲ့ သူတို့ အဆက်အသွယ်ရတဲ့အကြောင်း တင်ပြတယ်။ ဝ အဖွဲ့မှာလည်း အဆက်အသွယ် ရှိပြီးတော့မှ အဒါကို လက်မှတ်ထိုးမယ့် အစီအစဉ်တွေ ရှိတယ်။ ရှမ်းအဖွဲ့မှာလည်း SSA တောင်ပိုင်း ဗိုလ်ချုပ်ရွပ်ဆစ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ကြောင်း၊ ပြီးအောက်ပိုင်းမှာ ကရင် ကေအန်ယူ၊ နောက် အောက်ဘက်က မွန်အဖွဲ့နဲ့ အဆက်အသွယ် ရှိတဲ့အကြောင်း၊ တဖက်နိုင်ငံမှာ ရှိတဲ့ အဖွဲ့အစည်းနဲ့လည်း အဆက်ဆက် ရှိနေပြီဆိုတဲ့အကြောင်းကို ကျနော်တို့ကို ရှင်းပြတယ်။ အမြန်ဆုံး သူတို့ တွေ့ဆုံဖို့ ကြိုးစားနိုင်မယ်လို့ သူတို့ ယုံကြည်တယ် ဆိုတဲ့အကြောင်းကို ပြောတယ်။ ပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး အခြေအနေကို စောင့်ဆိုင်းဖို့ ကျနော်တို့ကို မေတ္တာရပ်ခံထားပါတယ်။”
ဆက်စပ်သတင်းများ