Home
မြန်မာသတင်း
မြစ်ဆုံကော်မရှင်အစီရင်ခံစာ စီမံကိန်း ဆက်လုပ်သင့် မသင့် အကြံပြုချက် မပါ
ရွှေအောင်
·
November 12, 2016
မြစ်ဆုံစီမံကိန်းဆက်လုပ်သင့် မလုပ်သင့် အကြံပြုချက် မပေးနိုင်သေးတဲ့ အစီရင်ခံစာတစောင်ကို ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်က သမ္မတထံ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ရက်က တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ ကော်မရှင်ရဲ့ လုပ်ငန်းများ မပြီးသေးတဲ့အတွက် သုံးသပ်ချက်များ၊ အကြံပြုချက်များ ထည့်သွင်းတင်ပြထားခြင်း မရှိသေးဘဲ စီမံကိန်းဆက်လုပ်သင့် မသင့် အပြီးသတ်အစီရင်ခံစာကို သမ္မတထံ ဆက်လက် တင်ပြသွားမယ်လို့ ဖော်ပြပါတယ်။ မြစ်ဆုံကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချန်းကတော့ ကော်မရှင်အနေနဲ့ တွေ့ရှိချက်တွေကိုပဲ တင်ပြတာဖြစ်တယ်လို့ ပြောပါတယ်။ “အခုဟာက တွေ့ရှိချက်တွေကိုပဲ တင်ပြရသေးတာလေ၊ တွေ့ရှိချက်တင်ပြပြီးမှ သုံးသပ်ချက်တို့ အကြံပြုချက်တို့ လာဦးမှာလေ၊ ကျမတို့ ဆက်ပြီး လုပ်ရမယ့်ဟာတွေ အများကြီး ကျန်ပါသေးတယ်။ အခုက လူထုတွေ့တာတွေ ဘာတွေ တင်ထားတာ။” ကော်မရှင်လုပ်ငန်းများ ဘယ်တော့ အပြီးသတ်နိုင်မယ်ဆိုတာ မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။ သမ္မတထံတင်ပြတဲ့ ကော်မရှင်ရဲ့ ပထမအစီရင်ခံစာထဲမှာ ကော်မရှင်အဖွဲ့ဝင်တွေဟာ မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းတည်ဆောက်ပေးခဲ့ရတဲ့ အောင်မြင်သာနဲ့ မလိယန် ကျေးရွာသစ်တွေကို သွားရောက်လေ့လာခဲ့တယ်။ မြစ်ကြီးနားမှာ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ကော်မရှင်လုပ်ငန်းတွေ ရှင်းပြတယ်၊ ဒေသခံတွေရဲ့ အကြံပြုချက်တွေကို လက်ခံမှတ်သားတယ်။ ဒါ့အပြင် ကော်မရှင်ဟာ တရုတ်နိုင်ငံ၊ CPI Yunnan International Power Investment Co., Ltd. (CPIYN) နှင့် Changjiang Institute of Survey, Planning, Design and Research (CISPDR) တို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ကော်မရှင်အနေနဲ့ မြန်မာ့ပတ်ဝန်းကျင်အဖွဲ့ (Myanmar Environment Institute) ကို ဖွဲ့စည်းပေးခဲ့ပြီး မြစ်ဆုံ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့ ပတ်သက်လို့  လေ့လာဆန်းစစ်မှုတွေကို စိစစ်ဖို့ တာဝန်ပေးထားတယ် စသဖြင့် ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်က သမ္မတအမိန်နဲ့ ဖွဲ့ပေးခဲ့တဲ့ မြစ်ဆုံကော်မရှင်ရဲ့ တာဝန်ထဲမှာလည်း ကော်မရှင်ရဲ့ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမယ်လို့ပဲ ဖော်ပြထားပြီး ဘယ်နေ့ ဘယ်ရက် အပြီးသတ်အစီရင်ခံစာတင်ရမယ်လို့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024