Home မြန်မာသတင်း တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကျောင်းသားတပ်မတော်တောင်းဆို
တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကျောင်းသားတပ်မတော်တောင်းဆို
ပီတာအောင်
·
November 9, 2011
absdf စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပြည်လုံးအတိုင်းအတာနဲ့အပစ်အခတ် ရပ်စဲရေးကြေညာပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
လတ်တလော လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တချို့နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ လျှို့ဝှက်ဆွေးနွေးမှု ရှိနေတယ်လို့သတင်းတွေထွက်နေချိန်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် အေဘီအက်စ်ဒီအက်ဖ်က ခုလို သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။
နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်တဲ့ ဒီကြေညာချက်မှာ စစ်အုပ်စုနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နေမှုတွေဟာ နိုင်ငံ ရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဦးတည်တဲ့ကြိုးပမ်းမှုမဟုတ်ဘဲ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ဖဲ့ထုတ်စည်းရုံးရေးအတွက် ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကြေညာချက်ထုတ်ပြန်ရတာနဲ့ပတ်သက်လို့ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲက “အစိုးရဘက်က ကမ်းလှမ်းနေတဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်တွေရဲ့ နောက်ကွယ်က စေတနာနဲ့ သဘောထားဟာ မမှန်ကန်ဘူးလို့ ကျနော်တို့ ထောက်ပြချင်ပါတယ်။ အထူးသဖြင့်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို သေသေချာချာ ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ကျနော်တို့က ရှုမြင်ပါတယ်။ ဒါကြောင့်မို့ အပစ်အခတ်ရပ်စဲရေးတခုလုံးကိုပဲ ဦးတည်တယ်ဆိုရင် ဒီတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို တဖက်က ချိုးနှိမ်ပစ်တယ်လို့ ယူဆတဲ့အတွက် သဘောထားမမှန်ကန်ဘူးလို့ ကျနော်တို့ ထုတ်ပြန်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလမှာ နိုင်ငံတည်ငြိမ်မှုမရရှိသေးတာ၊ ရှေ့တန်းနယ်မြေတွေမှာ အစိုးရတပ်တွေ အကျအဆုံးများနေပြီး စစ်ရေးအကျပ်အတည်း ကြုံတွေ့နေရတာနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု ပိုမိုရချင်တာ တွေကြောင့် လက်ရှိမြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို တဖွဲ့ချင်းစည်းရုံးပြီး အပစ်အခတ်ရပ်စဲရေး ရယူနေတာလို့ယူဆတဲ့အကြောင်းလည်း ရဲဘော်သံခဲက ပြောပါတယ်။
တပြည်လုံးအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိရေး တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်ကိုင်အင်အားစုအားလုံးနဲ့ တိကျတဲ့ အချိန်ကာလသတ်မှတ်ပြီး ဆွေးနွေးမှုတွေဆက်လုပ်ဖို့လည်း အေဘီအက်စ်ဒီအက်ဖ်က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်တွေက မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ကရင်၊ ရှမ်း၊ မွန်၊ ၀ နဲ့ ကချင် လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
ဆက်စပ်သတင်းများ