ရွေးကောက်ပွဲတနှစ်ပြည့်ပြီးနောက် မြန်မာပြည်နိုင်ငံရေး (စကားဝိုင်း ၂)
နေသွင်
·
November 9, 2011
ရွေးကောက်ပွဲတနှစ်ပြည့် အစီအစဉ် ပထမပိုင်းမှာ တနှစ်အတွင်း မြန်မာပြည်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း ဆွေးနွေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေးမဝင်ရေး၊ မြန်မာပြည်နိုင်ငံရေးရဲ့ စိုးရိမ်ချက်တွေအပေါ် ဆွေးနွေးထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အတိုင်ပင်ခံအယ်ဒီတာ ဆရာမောင်ဝံသ၊ ဒီဗွီဘီအယ်ဒီတာ ဦးခင်မောင်စိုးတို့က စီစဉ်သူ ကိုနေသွင်နဲ့ အတူ ဆွေးနွေးထားကြပါတယ်။
ဆရာ ဦးခင်မောင်စိုးကို မေးချင်တာက အန်အယ်လ်ဒီနဲ့ ပတ်သက်ပြီးရင် တော်တော်များများ ပြောကြတာက အန်အယ်လ်ဒီက တိုက်ပွဲထဲက ပေါ်လာတဲ့ပါတီပေါ့။ တိုက်ပွဲလမ်းကြောင်းကို အမြဲတမ်းတောက်လျှောက် ရွေးခဲ့တယ်။ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာအရ အမြဲတမ်း အမှန်တရားနဲ့ ဘယ်တော့မှ အမှားဆိုတာကို ဘာမှလက်သင့်မခံဘဲ နေခဲ့တာမျိုး၊ အခု အန်အယ်လ်ဒီက ဆရာဆွေးနွေးခဲ့သလို ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ဆိုတာမျိုးလည်း ဆွေးနွေးလာတဲ့အပိုင်းလည်း ရှိတယ်။ ဆိုတော့ ဝင်ရေးမဝင်ရေး အပိုင်းမှာ ခုနလို ဒီလိုမျိုး သမိုင်းကြောင်း ရှိခဲ့တဲ့ ပါတီတရပ်၊ နောက် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတရပ် ဆိုတဲ့ဟာက အန်အယ်လ်ဒီ ထောက်ခံသူတွေကြားထဲမှာ၊ ပါတီဝင်တွေကြားထဲမှာ ဘယ်လိုမျိုး စဉ်းစားချက်တွေ၊ ဘယ်လိုမျိုး ဂယက်တွေဖြစ်လာမလဲ။
“တချို့က ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်။ အနိုင်ရပြီးတော့ အာဏာလွှဲဖို့ အဆင့်ထိသာ စိတ်ကူးခဲ့တာတွေရှိမယ်။ တကယ်လည်း အာဏာမလွှဲခဲ့ဘူး။ နောက် ၉၀ ပြည့်နှစ်နဲ့ ပတ်သက်လာရင် လက်ရှိ အစိုးရတာဝန်ရှိသူ အပိုင်းကနေ အသိအမှတ်ပြုတယ်ဆိုတာ ဟိုတနေ့က ဦးခင်အောင်မြင့်ပြောကြားတာ ပထမဆုံး ဖြစ်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ရှေ့ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ မိန့်ခွန်းတွေ အကုန်လုံးပြန်ကြည့်တဲ့အခါမှာ ၈၈ လူထုအရေးအခင်းဖြစ်တယ်။ အုံကြွမှုဖြစ်တယ်ဆိုတဲ့ မကောင်းတဲ့အမြင်တခုပဲ သူတို့ဖော်ပြပြီးတော့ အဲဒီနောက်ပိုင်းမှာ ဆက်တွဲပြီးပေါ်လာတဲ့ ပါတီစုံတို့၊ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲတို့၊ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ရလဒ်တို့ အန်အယ်လ်ဒီပါတီရဲ့ အောင်ပွဲတို့၊ ဘယ်တော့မှထည့်မပြောခဲ့ဘူး။ အဲဒီဟာက ရှင်းရှင်းပြောရင်တော့ သူတို့အကြောက်ဆုံး ဖြစ်မယ်လို့ထင်တယ်။ ဒီကိစ္စကြီးကို ထုတ်ပြောရမယ်ဆိုရင် ဒါက သမိုင်းနဲ့ချီပြီးတော့ ဘယ်တော့မှမဆုံးနိုင်တဲ့ ရန်ပွဲကြီးလည်းဖြစ်မယ်။ အဲတော့ အခုအခြေအနေမှာ အန်အယ်လ်ဒီအနေနဲ့က လက်တွေ့လုပ်နိုင်တာကို ပြန်စဉ်းစားမယ်ဆိုရင်တော့ အာဏာလွှဲဖို့ကိစ္စဆိုတာတော့ ဒါတော့မဖြစ်နိုင်တော့ဘူး။ တဖက်နဲ့ပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်းဖို့ မရနိုင်တဲ့ကိစ္စ။ အဲတော့ ဆွေးနွေးညှိနှိုင်းလို့ ရတဲ့ကိစ္စလေး၊ ဥပမာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲကို တစုံတခု အသိအမှတ်ပြု ပေးတယ်ဆိုတာမျိုး။ ဒါက ကျနော်တို့ အသိအမှတ်ပြုခဲ့တယ်။ အဲဒီကနေတဆင့် ရလဒ်ကတော့ အစိုးရဘက်ကပြောတော့ အာဏာလွှဲဖို့မပါဘူး။ ဖွဲ့စည်းပုံရေးဆွဲဖို့ပဲ စသည်ဖြင့်ပေါ့လေ။ အဲ့လိုအငြင်းပွားစရာတော့ ရှိတယ်။ ဘာပဲပြောပြော လက်ရှိအနေအထားအရ အန်အယ်လ်ဒီပါတီအနေနဲ့ ဘာလုပ်နိုင်မလဲဆိုတဲ့ ရွေးချယ်မှုအနေနဲ့ဆိုရင်တော့ အဲဒီလို ပါတီအပေါ်မှာ အစိုးရဘက်ကလည်း ပျော့ပျော့ပျောင်းပျောင်းနဲ့ ချဉ်းကပ်လာမယ်ဆိုရင် ကျနော်တို့ အန်အယ်လ်ဒီပါတီရဲ့ အပေါ်မှာ သဘောထားပျော့ပျော့ပျောင်းပျောင်းနဲ့ သူတို့ပြင်စရာရှိတာ ပြင်တာမျိုးပေါ့။ အန်အယ်လ်ဒီဘက်ကလည်း အာဏာလွှဲပေးရမယ်တို့ ၉၀ ပြည့်နှစ် ရလဒ်အတိုင်းပဲ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ရမယ်တို့ဆိုတဲ့ ဟာမျိုးတွေနဲ့ တင်းမာနေတာမျိုး မရှိဘဲနဲ့ တဖက်နဲ့တဖက် ညှိနှိုင်းပြီး တဖက်က အသိအမှတ်ပြုမယ်။ တဖက်ကလည်း ဘာလျှော့ပေးနိုင်မလဲပေါ့။
“အန်အယ်လ်ဒီပါတီကြီးက ဆရာမောင်ဝံသ ပြောသလို မှတ်ပုံတင်ခွင့်တော့ပေးမယ်။ ရွေးကောက်ပွဲဝင်မရဘူး၊ ကန့်သတ်တာတွေ ရှိနေဦးမယ်ဆိုတာမျိုးလည်း သူတို့ဘက်မှာ မရှိသင့်တော့ဘူး။ အန်အယ်လ်ဒီဘက်က မှတ်ပုံတင်ပြီဆိုရင်လည်း ရွေးကောက်ပွဲဝင်သာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အစ ရွေးကောက်ပွဲဝင်နိုင်တဲ့ တချို့ကန့်သတ်ချက်တွေကို ကျနော်တို့ ပြင်ပေးရမယ်လို့ ထင်တယ်။ အဲလိုအနေအထားဆိုရင် ခုန ကိုနေသွင်မေးတဲ့ တချို့ကနေ အသေဆုပ်ကိုင်ထားတယ် ဆိုတာမျိုးတွေကလည်း အသေဆုပ်ကိုင်ထားတဲ့ ဘက်ကလည်း လျော့သွားမယ်လို့ထင်တယ်။ နှစ်ဦး အလုပ်လုပ်သာတဲ့ဟာကိုပေါ့။ တဘက်ကလည်း လျှော့ရမယ်။ ကျန်တဘက်ကလည်း လျှော့ရမယ်။ နောက် ဘယ်ဟာကို ပေါင်းပြီးတော့ အန်အယ်လ်ဒီကို အတိုက်အခံပါတီကြီးတခု တရားဝင် ရွေးကောက်ပွဲဝင်အောင် လုပ်နိုင်မလဲဆိုတာမျိုးကို စဉ်းစားရမယ်။ အဲလို စဉ်းစားမယ်ဆိုရင်တော့ ကိုနေသွင်မေးတဲ့ မေးခွန်းက အလိုလိုတော့ အသေဆုပ်ကိုင်ထားတဲ့ဘက်ကတော့ လျှော့သွားမယ်ထင်တယ်။ အသေဆုပ်ကိုင်ထားတယ်ဆိုတာ သူ့ဘက်ကိုယ့်ဘက် ဘာမှလုပ်လို့မရအောင် ချုပ်ထားလို့သာလျှင် သူကလည်း အသေဆုပ်ကိုင်ထားတာ။ သူ့ဘက်က အလုပ်လုပ်လို့ ရအောင် တဘက်က လျှော့လာပြီဆိုရင် အလုပ်လုပ်နိုင်တဲ့ဘက်ကို သွားမှာပဲလေ။ အလုပ်လုပ်နိုင်တဲ့ဘက်ကို အစိုးရဘက်ကလည်း ကျနော်ထင်တယ်။ လျှော့ပေးလိမ့်မယ်လို့ မျှော်လင့်ချင်တယ်။”
ဆရာ ပြောသလိုဆိုရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို တစုံတရာ အသိအမှတ်ပြုပေါ့နော်။ ဆရာမောင်ဝံသပြောတဲ့ အင်တာဗျူးမှာလည်း ကျနော်တို့ ဖတ်ရတာဆိုရင် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ရွေးကောက်ပွဲရှိခဲ့တာကို အသိအမှတ်ပြုတယ်။ ဘယ်လိုအသိအမှတ်ပြုမလဲဆိုတဲ့ အပိုင်းကို အဲဒီအင်တာဗျူးမှာ မဖတ်လိုက်ရဘူး။ အဲတော့ ဆရာက လွှတ်တော်ကိုယ်စားလှယ်လည်း အရွေးခံခဲ့ရတာဆိုတော့ ဆရာပြောတဲ့ တစုံတရာ အသိအမှတ်ပြုတယ်ဆိုတဲ့အပိုင်း၊ ဆရာ့အနေနဲ့ အာဏာလွှဲဖို့ စသည်ဖြင့်ပေါ့ အများကြီးအငြင်းပွားဖွယ်ကိစ္စ။ ဆရာ့အနေဲ့ တစုံတရာအသိအမှတ်ပြုတယ်ဆိုတဲ့ အပေါ်မှာ ဆရာက လွှတ်တော်ကိုယ်စားလှယ် အမတ်တယောက်အနေနဲ့ ဘယ်လောက် အတိုင်းအတာထိဆို ကျေနပ်နိုင်မလဲ။
“ဖြေရမှာတော့ တော်တော်သိမ်မွေ့တဲ့မေးခွန်းဗျ။ ဘာလို့လဲဆိုတော့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ်ပြုတယ်လို့ ပြောတာပါ။ အမျိုးသားလွှတ်တော် နာယကကြီးက ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်လည်း အရင်အမေးအဖြေတွေ တချို့မှာပြောတာ ကြားဖူးတယ်။ ဒီအချိန်မှာ အာဏာကို ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အရှိတရားကို အသိအမှတ်ပြုဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့၊ သူက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာနဲ့ အာဏာလွှဲခိုင်းတာနဲ့ မတူပါဘူး။ ဆရာဦးခင်မောင်စိုး ဆွေးနွေးတဲ့အထဲမှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲက အခြေခံဥပဒေ ရေးဆွဲဖို့တို့၊ အာဏာလွှဲဖို့မဟုတ်ဘူး။ ဘာညာဆိုတာ ဟိုးအရင်ကတည်းက ကျနော်တို့ ရှိစဉ်ကတည်းက ကျနော်တို့ပါဝင် ပတ်သက်စဉ်ကတည်းက အဲလိုပြောကြတာတွေ ရှိတယ်။ ဒါတွေက ပြောမယ်ဆိုရင် ဆရာဦးခင်မောင်စိုး ပြောသလိုပဲ။ တယူသန် အငြင်းပွားရမယ့် ဟာတွေ၊ အခု နှစ်ပေါင်းလည်း ၂၀ ကျော်ပါပြီ။ ပြန်ပြောမယ်ဆိုရင် အဲဒီအချိန်က သတင်းစာတွေရှိပါတယ်။ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ ပြန်ကြည့်မယ်ဆိုရင်၊ ပြည်သူ့လွှတ်တော် အထွေထွေ ရွေးကောက်ပွဲပါ။ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲဆိုတာက အခြေခံဥပဒေ ရေးဆွဲဖို့လုပ်တဲ့ ရွေးကောက်ပွဲ၊ အဲဒါက ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲမျိုးကို ပြောတာ။ ဒါပေမယ့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ပါတီစုံ ဒီမိုကရေစီ ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီတော့ ဘာမှ ဒီအပေါ်မှာ အခြေခံဥပဒေရေးဆွဲဖို့ လုပ်တာ။ ခင်ဗျားတို့ဘာအာဏာမှ လွှဲဖို့ အချိန်မကျသေးဘူးလို့ ပြောစရာမလိုဘူး။ ဒီလောက်ဆိုရင် ကိုနေသွင်တို့ နားလည်ပါလိမ့်မယ်။ အဲဒီတော့ ကျနော်တို့က ဒီဘက်အပိုင်းမှာ ဒီအပေါ်မှာ ကျေနပ်မှုရှိသလား။ မရှိဘူးလား။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီမှတ်ပုံတင်တဲ့အပေါ်မှာ။ ဒီပေါ်မှာ နှစ်ဖက်လုံးက မျက်နှာမပျက်တဲ့နည်းနဲ့ ကိစ္စတခုကို ပြဿနာတခုကို ဖြေရှင်းတဲ့နည်းပါပဲ။ ဆိုလိုတာက နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေကို ပြင်ဆင်ပေးတယ်။ အဲဒီအပေါ်မှာ ကြည့်ပြီးတော့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲ တရားဝင်ပါတီအဖြစ်နဲ့ မှတ်ပုံတင်ပြီးဖို့ စဉ်းစားမယ်ဆိုတဲ့ ဒီလိုအချက်မျိုးဟာ ဖြစ်ပေါ်တိုးတက်မှုလို့ပဲ ကျနော်ထင်ပါတယ်။ အဲဒီအပေါ်မှာကနေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအနေအထားတွေကို တွေ့ပြီဆိုရင် အဖွဲ့ချုပ်က စဉ်းစားမှာပဲ။ ကျနော် အလေးအနက်ပြောချင်တာတော့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အနေအထားမျိုး ဖြစ်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီအပေါ်မှာ အလေးအနက် စဉ်းစားလိမ့်မယ်လို့ အဲ့လိုယုံကြည်ပါတယ်။”
နှစ်ဖက်စလုံးရဲ့ မျက်နှာမပျက်တဲ့ နည်းပေါ့။ ဆရာဦးခင်မောင်စိုးက ဒီအပေါ်မှာ ၉၀ ရွေးကောက်ပွဲကိစ္စ၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ကိစ္စအပေါ်မှာ တခြား ဖြည့်စွက်ပြောစရာ ရှိပါသေးလား။
“ကျနော်ကတော့ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မလား။ မဝင်ဘူးလားဆိုတာ ထိတော့ ကျနော်တို့လည်း မစဉ်းစားတတ်သေးဘူး။ ကျနော်တို့ ကြားသိရသလောက် မှတ်ပုံတင်ရေးက ကိစ္စသပ်သပ်သွားပြီးတော့၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စက သပ်သပ်သွားသင့်တယ် ဆိုတာမျိုး တချို့ပြောဆို ဝေဖန်နေတာရှိတယ်လေ။ ရွေးကောက်ပွဲဝင်တဲ့ အတွက်ကြောင့်မို့ အကျိုးအမြတ် ဘယ်လိုရှိလာမလဲ ဆိုတာမျိုးက အန်အယ်လ်ဒီဘက်ကိုကျတော့ သိပ်ပြောလို့မရဘူး။ အစိုးရကတော့ ဝင်ရင်တော့ သိပ်ကြိုက်မှာပေါ့။ ဘာလို့လဲဆိုတော့ ဒီအစိုးရက အရင်အစိုးရလက်ထက်ကနေ လွှဲပြောင်းလိုက်တဲ့ အရင်အစိုးရက လူတွေနဲ့ပဲ ပြန်ပြီးတော့ ဖွဲ့ထားတာဖြစ်တယ်။ အဲဒီကနေ နိုင်ငံတကာမှာ ဝင်ဆံ့ပြီးတော့ တရားဝင်အစိုးရ ဖြစ်ဖို့အတွက်ကို အများကြီး ကြိုးစားနေတာ။ ကြိုးစားနေတော့ အန်အယ်လ်ဒီလို ပါတီကြီးကနေ ရွေးကောက်ပွဲဝင်လာတယ်။ သူ့ကို တစုံတခုရဦးတော့ အစိုးရအတွက် စိုးရိမ်စရာ မရှိတဲ့အနေအထားပေါ့။ သူ့ရဲ့ အခုရွေးမယ့်ကိစ္စက လူ ၅၀ လောက်ရွေးမယ်။ လူ ၅၀ လုံးရဦးတော့ သူတို့အတွက် ပြဿနာ သိပ်မရှိဘူး။ အဲ့လိုအနေအထားဆိုတော့ သူတို့ကတော့ ပိုပြီးတော့အကျိုးအမြတ် ရှိတယ်။ သူတို့လိုချင်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုတို့၊ သူတို့အခု လိုက်ကြိုးစားနေတဲ့ အာဆီယံဥက္ကဋ္ဌ ကိစ္စတို့၊ နောက်တခါ နိုင်ငံတကာကနေ အကူအညီတွေ ရောက်လာမှာတို့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းသွားမှာ။ အဲဒါတွေက သူတို့အတွက်တော့ အများကြီး အကျိုးရှိမယ်။ အများကြီး အကျိုးရှိတဲ့ဘက်ကနေပြီးတော့ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်နိုင်အောင်ကို လုပ်ပေးသင့်တယ်။ အခြေအနေကို ဖန်ကိုဖန်တီးပေးရမယ်။ အဲဒီအနေအထားမှာ အန်အယ်လ်ဒီကတော့ သူ့ရဲ့ပါတီ ပြန်အားကောင်းလာအောင် တည်ဆောက်ရမှာပေါ့။ နှစ်ပေါင်း ၂၀ အတွင်းမှာ အရင်တုန်းက အမတ်တွေရွေးတယ်ဆိုတာ ဆရာကတော့ ပြောသွားတာပဲ။ ပြည်သူ့လွှတ်တော်၊ အဲဒီအတွက် ရွေးကောက်ပွဲလို့ဖြစ်တယ်။ နောက်ပိုင်း ကျနော်တို့က အတွေ့အကြုံအရ ကြည့်ရင်းနဲ့ ဘာဖြစ်မလဲဆိုတော့ ရွေးကောက်ခံရတဲ့သူက လွှတ်တော်သွားရမှာ မဟုတ်ဘဲနဲ့ ထောင်ထဲသွားရဖို့အတွက် အရွေးခံရသလိုမျိုး ဘဝတောင် ကျနော်တို့က အဲလိုမျိုးတောင် မြင်သွားတယ်။ အဲ့အနေအထားကနေ အခု အစိုးရနဲ့ ပူးပေါင်းနိုင်မယ့် ဆောင်ရွက်နိုင်မယ့် အတွက် ရွေးကောက်ပွဲဝင်ရတာပေါ့။ အခုဟာက အာဏာကြီး တခုရဖို့တော့ မဟုတ်တော့ဘူး။ အစိုးရနဲ့ ပူးပေါင်းပြီးလုပ်နိုင်တာ လုပ်နိုင်ဖို့နဲ့ အန်အယ်လ်ဒီ ပြန်ပြီးအားကောင်းလာဖို့ ပြန်တည်ဆောက်ဖို့၊ အဲတော့ အန်အယ်လ်ဒီဘက်က မျှော်လင့်နိုင်တာတော့ ကျနော်ထင်တယ်။ ပါတီကို ပြန်ပြီးအားကောင်းလာအောင် တည်ဆောက်နိုင်မယ်။ အစိုးရကတော့ သူရဲ့အစိုးရ တရားဝင်ဖြစ်လာအောင် သူလုပ်ဖို့အတွက်ဆိုတော့ ညှိတော့ညှိမယ်လို့ ကျနော်လည်း မျှော်လင့်တယ်။ ညှိနိုင်ပါစေလို့ ဆုတောင်းတယ်။”
ဆရာမောင်ဝံသ ရေးတဲ့ဆောင်းပါးမှာလည်း ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အချက် ၇ ချက် ဆရာထောက်ပြပါတယ်။ အဲဒီမှာဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေက နိုင်ငံရေးရာထူးမဟုတ်တဲ့ ရာထူးတွေကို ယူပြီးတော့မှ ဖွံ့ဖြိုးရေးကိစ္စတွေပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေပဲဖြစ်ဖြစ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စမျိုးတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာမျိုး ဆရာတွက်ပါတယ်။ အဓိကတော့ အာဏာကိစ္စတွေက ဒီအချိန်မှာ ရုတ်တရက်နဲ့ ရနိုင်ခြေမရှိဘူးလို့ သက်ရောက်တယ်။ ဆရာဦးခင်မောင်စိုးပြောတာ ဒီအဓိပ္ပာယ်လို့ ကျနော်ထင်ပါတယ်။
“ဟုတ်ပါတယ်။ ဒီအချိန်မှာ အာဏာပြဿနာကို ပြောကြဆိုကြတာလည်း မကြားမိပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှလည်း ပြောစရာမရှိဘူး။ ကျနော်တို့အနေနဲ့ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်မယ်။ နောက်တခါ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဝင်မယ်ဆိုရင် ဘာပြောပြော ဒီမိုကရေစီနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုပေါ့။ အဲဒီလမ်းကြောင်းမှာတော့ ဘာပဲပြောပြော မြန်မာနိုင်ငံက ကမ္ဘာ့အမြင်မှာလည်း အင်မတန်မှ တင့်တယ်သွားမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့ပြီးတော့ အခြေခိုင်မာတဲ့ ပါတီကြီးတခုကို ဒီနိုင်ငံရေးဖြစ်စဉ်ထဲမှာ အပြင်ကို ရောက်အောင်ထားတယ်ဆိုတာကြီးက တော်တော်ကြီးကို မြင်လို့မကောင်းပါဘူး။ ဘာနဲ့တူသလဲဆိုရင် ဟိုအရင် ၁၉၇၂ - ၇၃ လောက်ထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကြီးကို ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ်ကနေ ပယ်ထားပြီးတော့ သူကသီးခြားလို ဖြစ်နေတဲ့ အနေအထားမျိုးလို ဖြစ်နေတယ်။ နောက်ပိုင်းကျတော့မှ သမ္မတနစ်ဆင်လက်ထက်မှာ တရုတ်ပြည်ကြီးက ပြန်ပြီးတော့ ကုလသမဂ္ဂထဲကို ဝင်လာသလိုဖြစ်တယ်။ အဲတော့ ကျနော်တို့ ဗမာပြည်နိုင်ငံရေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် သိက္ခာရှိရှိနဲ့ ပါဝင်သင့်တယ်။ တချိန်တည်းမှာ တိုင်းရင်းသား လူမျိုးတွေရဲ့ နိုင်ငံရေးပေါ့။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ သူတို့တွေကလည်း ပြည်ထောင်စုရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ အင်တိုက်အားတိုက်နဲ့ အားလုံးသင့်သင့်မြတ်မြတ်နဲ့ ပါသင့်တယ်။ အဲ့လိုကျနော်က ယုံကြည်ပါတယ်။”
နောက်ဆုံး ဆရာဦးခင်မောင်စိုးရော၊ ဆရာမောင်ဝံသရော ကျနော်မေးချင်တာက ဆရာမောင်ဝံသရေးတဲ့ ဆောင်းပါးတပုဒ်မှာ ကျနော်တွေ့ပါတယ်။ ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေလို့ပဲ ပြောပြောပေါ့။ အစိုးရအာဘော်နဲ့ပြောရင်တော့။ သူတို့လွတ်လာပြီးတဲ့အချိန်မှာ နောက်တရက်မှာ သတင်းစာထဲမှာ သူတို့သတင်းတွေ ပါမလာဘူး။ လွတ်လာတဲ့သူတွေ လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့သူတွေအကြောင်း ပါမလာတော့ ဆရာကပြောတယ်။ ဒီအတွက် စိုးရိမ်သောက ရှိတယ်ဆိုတာမျိုး ဆရာပြောတယ်။ အခုအခြေအနေမှာရော ဆရာ့အနေနဲ့ ပြောင်းလဲနေတဲ့အပေါ်မှာ အပြောင်းအလဲတွေအပေါ်မှာ စိုးတထိတ်ထိတ် ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်မလားဆိုတာ ဘယ်လိုကိစ္စမျိုးတွေ ဆရာစဉ်းစားမိလဲ။
“ကျနော်ကတော့ ကောင်းတဲ့ဘက်က မြင်ဖို့ကြိုစားပါတယ်။ အကောင်းဘက်က မြင်ဖို့ကြိုးစားပေမယ့် နိုင်ငံတကာက မြန်မာပြည်မှာလာပြီးတော့ လေ့လာတဲ့ သံတမန်တွေ နောက်တခါ ကိုယ်စားလှယ်တွေ တချို့သူတို့လည်း အများကြီးကို သတိထားပြီး စောင့်ကြည့်ကြတာ။ သံတမန်တယောက်က ပြောတာဆိုရင် မြန်မာပြည်နိုင်ငံရေးက အခုက ကောင်းတဲ့ဘက်ကို ဦးတည်သွားနေတယ်။ အပြုသဘောဆောင်တယ်။ ဒီအတိုင်းဆက်သွားဖို့လည်း အလားအလာရှိတယ်။ ဒါပေမယ့် အချိန်အခါမရွေး အပြောင်းအလဲလည်း ဖြစ်သွားနိုင်တယ်။ ဆန့်ကျင်ဘက်အပြောင်းအလဲ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အဲဒီလို သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ကျနော်ကတော့ အဲဒီလို မသုံးသပ်ပါဘူး။ ကျနော် အရင်မီဒီယာ တချို့နဲ့ အင်တာဗျူးတွေမှာလည်း ကျနော်ပြောပါတယ်။ နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူး။ အဲလိုကျနော်တော့ ယုံကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဦးခင်မောင်စိုး ပြောတဲ့၊ သဘောထားတင်းမာတဲ့ လိုင်းတို့ ဘာတို့ညာတို့ ပြောသွားတာရှိတယ်။ တင်းမာသူတို့၊ ပျော့ပျောင်းသူတို့က ရှိနေမှာပဲ။ နိုင်ငံရေးလောကမှာ နိုင်ငံရေးအဖွဲ့အစည်းရော နောက်တခါ အာဏာပိုင် အဖွဲ့အစည်းရော ဘယ်လိုအဖွဲ့အစည်းဖြစ်ဖြစ် ကျနော်တို့ ရပ်ကွက်ဆွမ်းကြီးလောင်း အသင်းကအစ၊ နည်းနည်းလေး သဘောထား တင်းမာတဲ့သူတွေ ပျော့ပျောင်းတဲ့သူတွေနဲ့ အလယ်အလတ် လမ်းစဉ်ရှိနေသူတွေ ဒါမျိုးတွေရှိမှာပဲ။ ရှိပေမယ့် တခါတလေကျရင် ဖြစ်စဉ်ကြီးတခုလုံးက လှိုင်းဂယက်ကြီးပေါ့။ တခါတလေကျရင်သွားနေပြီဆိုရင် ရေစီးကြောင်းမှာ ပါရမယ်။ ရေစီးကြောင်းထဲမှာ မပါလို့ရှိရင် ကမ်းမှာတင်ကျန်မယ်။ ဒါမှမဟုတ် တခုခုနဲ့ ရိုက်ခတ်ပြီးတော့ ပျက်စီးသွားမှာပေါ့။ အဲလိုတော့ ဖြစ်စဉ်တရားကရှိတယ်။ သို့သော် ကျနော် ဘာကိုစိုးရိမ်ပူပန်လည်းဆိုတော့ တချို့လူတွေ စိုးရိမ်ကြောင့်ကြသလို ကျနော်တို့ မမျှော်လင့်တဲ့ အကြောင်းတရားတွေဆိုတာ ရှိတတ်ပါတယ်။ ကျနော်တို့ အရင်ဖဆပလခေတ်က နိုင်ငံရေးခေါင်းဆောင်တယောက် ပြောသလိုပေါ့။ နိုင်ငံရေးဆိုတာ ကြွေတလှည့် ကြက်တခုန်ပဲတဲ့။ အဲဒါက အင်မတန် တာသွားတဲ့စကားပါ။ ကြက်ကနိုင်နေပြီ။ နိုင်နေပေမယ့် ရှုံးနေတဲ့ကြက်ကနေ ဖျတ်ခနဲ ခွပ်လိုက်ရင် အဲဒီအတက်တခုရဲ့ ဒဏ်ချက်တခုက ပွဲကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ အဲလိုဟာမျိုးတွေလည်း ရှိတတ်တဲ့အတွက် ကြွေတလှည့်ကြက်တခုန်လို ဖြစ်သည့်တိုင်အောင် ကောင်းတဲ့ဘက်က ဖြစ်ပါစေလို့ ကျနော်ကတော့ ဆုတောင်းပါတယ်။”
ဆရာဦးခင်မောင်စိုးကရော စိုးရိမ်သောကတွေအကြောင်း နည်းနည်းပြောပြပါ။
“ကျနော်က သိပ်မကြာသေးခင်က ဆရာကြီး ဦးဝင်းတင်နဲ့ စကားပြောဖြစ်တယ်။ သူကလည်းပဲ သူ့ရဲ့ စိုးရိမ်ချက်တွေ ရှိတယ်ပေါ့။ ကျနော်ကလည်း ကျနော့်စိုးရိမ်ချက်ပေါ့။ ကျနော်တို့က အပြင်ဘက်ကနေ ကြည့်နေရတယ်။ ကျနော်တို့ ရတဲ့သတင်းတွေကလည်း တခါတလေကျရင် မပြည့်စုံတာတို့ ဘာတို့ ရှိတယ်ဆိုတော့ ဘာပဲပြောပြော ဒီအဖြစ်အပျက်ကြီးက မယုံနိုင်စရာ ကောင်းလောက်တဲ့ အဖြစ်အပျက်တွေနော်။ ပြည်သူ့အသံကို နားထောင်တဲ့ သမ္မတတယောက်ကနေ ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို ရပ်နားလိုက်တယ်တို့၊ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတယ်တို့၊ အစိုးရကလုပ်တဲ့ စီးပွားရေးဖိုရမ်တွေ၊ ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ဆုံးကခုံတန်းမှာ ထိုင်ပြီးတော့ တကယ့်ဧည့်သည်တယောက်လို သူတို့အနေနဲ့ လေးလေးစားစား ဆက်ဆံတယ်တို့၊ ဒါတွေက လုံးဝမမျှော်လင့်ထားတဲ့ဟာတွေဆိုတော့ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကြိုးတန်းလျှောက်နေတဲ့ လူတယောက်လို့ ကျနော်က မြင်နေရတယ်။ တဖက်မှာက ပြည်သူလူထုနဲ့ သူ့ပါတီအုပ်စုရှိမယ်။ တဖက်မှာက အစိုးရနဲ့ စစ်တပ်ရှိမယ်။ အဲဒီဟာကို ဟန်ချက်ညီညီ ထိန်းပြီးတော့ လမ်းလျှောက်နေတယ်။ အဲဒီဟန်ချက်တခုခုများ ပျက်သွားရင်တော့ ပြုတ်များကျသွားမလားဆိုတာမျိုးပေါ့။ အဲဒီတော့ ဒီဟန်ချက်ညီညီ ထိန်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုဘက်ကရော သူ့ရဲ့ ပါတီဘက်ကရော၊ နောက်တခါ တဘက်ကလည်း စစ်တပ်နဲ့ အစိုးရဘက်ကရော ဟန်ချက်ညီညီ ထိန်းပေးဖို့က သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ခုနက ကြွေတလှည့်ကြက်တခုန်ဆိုတာမျိုးပေါ့။ အဲဒီဟန်ချက်ညီညီ လုပ်နေရတဲ့ အဖွဲ့တွေကိုယ်တိုင်ထဲမှာ တစုံတခု ဖောက်လွဲဖောက်ပြန်ရှိရင်တော့ အဲဒီကြိုးတန်းပေါ်မှာလျှောက်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဟန်နိုင်ပါ့မလား၊ ဆိုတာမျိုး အဲဒါ ကျနော့်ရဲ့ လက်ရှိ စိုးရိမ်သောကပါပဲ။ အဲတော့ ကြိုးတန်းကို အောင်အောင်မြင်မြင်နဲ့ ဟိုဘက်မှာ အဆုံးထိ ရောက်သွားတဲ့အထိကို ကျနော်တို့က ရင်မနေရဦးမယ်လို့ပဲ ထင်တယ်။”