ကျွန်းစုမြို့နယ်တွင် ငွေစက္ကူ တစ်သောင်းတန်အတုများ ဖမ်းဆီးရမိ

1.5K
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ကဘင်းကျေးရွာအုပ်စု၊ မိုင်းသွေး ကျေးရွာမှာ နိုဝင်ဘာ ၉ ရက်နေ့က တစ်သောင်းတန် ငွေစက္ကူအတု ၁၀၀ ရွက်ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကံမော်ရဲစခန်းက ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ကဘင်းကျေးရွာအုပ်စု၊ မိုင်းသွေးကျေးရွာနေ ဦးကျော်ထွန်းနိုင်ရဲ့ စက်လှေတစ်စီးကို ဦးငွေသန်း ဆိုသူက လာရောက်ဝယ်ယူရာကနေ မသင်္ကာလို့ သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးရာမှ ငွေစက္ကူ အတုတွေ ဖြစ်နေကြောင်း သိရတယ်လို့ ဆိုပါတယ်။
မြန်မာကျပ်ငွေ ငွေစက္ကူ အတုတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဦးငွေသန်းဟာ ဘီယာချမ်း ပုလင်းဆေး လုပ်ငန်း၊ ၉၉၉ ဂိုဒေါင်၊ စွယ်နှာ ခေါင်းရပ်၊ ရနောင်းမြို့၊ ထိုင်းနိုင်ငံမှာ နေထိုင်သူဖြစ်ပါတယ်။
ငွေစက္ကူအတုတွေနဲ့ ဖမ်းမိတဲ့ ဦးငွေသန်းကို ရဲအုပ် အောင်ဇော်မင်းထွန်းမှ တရားလိုပြုလုပ် တိုင်တန်းထားလို့ ကံမော်နယ်မြေရဲစခန်းက (ပ) ၄၃/၂၀၁၆၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ကံမော်ရဲစခန်းက ပြောပါတယ်။
သတင်း၊ ကိုဘိတ် (မြိတ်ဝ)
သတင်းဓာတ်ပုံ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့