ကယ်လီဖိုးနီးယား မဲရုံအနီး ပစ်ခတ်မှုကြောင့် ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ဓာတ်ပုံ - စီအန်အန်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ အဇူစာမြို့ရဲ့ မဲရုံအနီးမှာ နိုဝင်ဘာ ၈ ရက် နေ့လယ် ၂ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ အသက် ၇၀ အရွယ် လူ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရပြီး သေနတ်သမားလည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အခင်းဖြစ်နေရာကို အာဏာပိုင်တွေ ရောက်ရှိလာပြီး မဲရုံနဲ့အနီးအနား ပန်းခြံ မျက်စောင်းထိုးနေရာက ကျောင်းတွေကို ပိတ်ထားလိုက်ရပါတယ်။ လော့စ်အိန်ဂျလိစ် အရှေ့မြောက်ဘက် ၂၅ မိုင် (၄၀ ကီလိုမီတာ) အကွာလောက်မှာ ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှုမရှိဘူးလို့ လော့စ်အိန်ဂျလိစ်ဒေသ တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမယ့် ပစ်ခတ်ခံရသူတွေထဲက အနည်းဆုံး ၁ ဦးဟာ မဲပေးဖို့လာရင်း လမ်းမှာပဲ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဥပဒေရေးရာ သတင်းအရင်းအမြစ်တခုကို ကိုးကားပြီး လော့စ်အိန်ဂျလိစ်တိုင်းမ်စ်က သတင်းထုတ်ပြန်ပါတယ်။ ရဲတွေက သေနတ်သမားဟာ ပစ်ခတ်ရင်း အိမ်ထဲမှာ သေဆုံးခဲ့တဲ့ အမျိုးသားလို့ အတည်ပြုပြောကြားပေမယ့် ဒီသေနတ်သမားဟာ ကိုယ့်ဘာသာ သေနတ်နဲ့ သတ်သေတာလား၊ ရဲတွေက ပြန်လည်ပစ်ခတ်လို့ သေတာလားဆိုတာကိုတော့ ချက်ခြင်း အတည်မပြုနိုင်သေးလို့ ပြောပါတယ်။ ပစ်ခတ်မှုသတင်းရလို့ အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်တဲ့အချိန်မှာ သူတို့ကိုယ်တိုင်လည်း ပစ်ခတ်ခံခဲ့ရတယ်လို့ အဇူစာရဲတွေနဲ့ တရားရေးဌာနက ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေနတ်ထိမှန်ပြီး အဲဒီထဲက ၁ ဦးကတော့ သေဆုံးသွားတယ်လို့ အဇူစာရဲချုပ် စတိဗ်ဟန့်တ်က ဆိုပါတယ်။ ရဲတွေက ဘာကြောင့်ပစ်ခတ်မှု ဖြစ်ပွားရတဲ့အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲချုပ်ဟန့်တ်က ဆိုပါတယ်။ အဇူစာကဒေသခံတွေဟာ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်လ်ထရမ့်တို့ ယှဉ်ပြိုင်နေတဲ့ သမ္မတရွေးကောက်ပွဲအတွက် မဲပေးဖို့ သွားနေတဲ့အချိန်မှာ ဒီလိုအခင်းဖြစ်ခဲ့တာပါ။ လော့စ်အိန်ဂျလိစ်အာဏာပိုင်တွေက အခင်းဖြစ်တဲ့နားက မမ်မိုရီရယ်လ်ပန်းခြံနဲ့ ဒယ်လ်တန်မူလတန်းကျောင်းနားက မဲရုံ ၂ ခုကို မဲပေးတဲ့သူတွေ မသွားဖို့၊ တခြားအစားထိုးမဲရုံမှာ မဲပေးကြဖို့ အကြံပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up