Homeမြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဝင်ပြိုင်မည်မဟုတ်
ကြားဖြတ်ရွေးကောက်ပွဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဝင်ပြိုင်မည်မဟုတ်
နန်းမြနဒီ
·
November 8, 2011
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) အနေနဲ့ မကြာခင်ကျင်းပတော့မယ့် ကြားဖြတ်ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်ဖို့လည်း အစီစဉ်မရှိသေးဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
[caption id="attachment_17541" align="alignright" width="310" caption="ဓာတ်ပုံ - S.H.A.N"]
[/caption]
အခုတက်လာတဲ့ အရပ်သားအစိုးရသစ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြင်ဆင်လိုက်တာရှိပေမယ့်လည်း ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေ မရှိသေးတဲ့အတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အစီအစဉ်မရှိသလို ပါတီခေါင်းဆောင်တွေလည်း ထောင်တွင်း အကျဉ်းချခံနေရတဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောပါတယ်။
“အဓိက အချက်က ကျနော်တို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တခြားစီအီးစီတွေကို အကုန်လုံးပြန်လွှတ်ပေးပြီးတော့မှ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်နိုင်မယ့် အနေအထား၊ ဥပမာ ကျောင်းသားတွေလည်း အကုန်လွှတ်ပြီ။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားလည်း မရှိတော့ဘူး။ ပြီးပြည့်စုံတာမဟုတ်တောင်မှ ပြင်သင့်ပြင်ထိုက်တဲ့ အခြေခံဥပဒေတွေကို ထပ်မံပြီးတော့ ပြင်ပေးတယ်ဆိုရင်တော့ ကျနော်တို့ စဉ်းစားမှာပါ။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉ဝပြည့် ရွေးကောက်ပွဲတုန်းက တပြည်လုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးရင် ဒုတိယ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီတခုဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ အခြားအဖွဲ့ဝင်တွေဟာ နှစ်ရှည်ထောင်သွင်း အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။
လက်ရှိမြန်မာအစိုးရဟာ ထောင်ဒဏ်ကျခံနေသူတွေ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်များပယ်ဖျက်ခြင်း အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲကိုကျောခိုင်းခဲ့တဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေး မတင်ရေးကိစ္စ ရှေ့တန်းရောက်လာပါတယ်။
အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေးကိစ္စအပေါ်မှာတော့ အက်စ်အန်အယ်လ်ဒီအနေနဲ့ ထင်မြင်ချက်မပေးလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာစတုန်းက ပေးခဲ့တဲ့ ကတိအတိုင်း ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။
“အခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီအနေနဲ့ မှတ်ပုံတင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစတုန်းက ပြည်သူအားလုံးကို မိန့်ကြားထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့၊ တရားဥပဒေစိုးမိုးမှု ရရှိဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တွေမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ ဆိုတဲ့အချက်တွေကို မမေ့မလျော့ဘဲ ဆက်လက်လုပ်ဆောင်သွားလိမ့်မယ် လုပ်ဆောင်သွားစေချင်တယ် ဆိုတာလေးကိုတော့ ဖြည့်စွက်ပြောကြားချင်ပါတယ်။”
