Home
မြန်မာသတင်း
နမ့်ဆန်မြို့အနီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများထိတ်လန့်
နန်းမြနဒီ
·
November 8, 2016
ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ  လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားတေဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေကြတယ်လို့ ဒေသဦးစီးအဖွဲ့က ပြောပါတယ်။ ဒီနေ့မနက် ၉ နာရီခွဲက  နမ့်ဆန်မြို့ အရှေ့ဘက်မှာရှိတဲ့ စကခ - ၁ ( အမှတ် ၁ စစ်ဘက် ဆိုင်ရာ ကွပ်ကဲရေးဌာနချုပ်) က  လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့တာလို့ ပလောင်ဒေသဦးစီး အလုပ်အမှုဆောင် ကော်မတီဝင်၊ မန်တုံ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ “စကခ ၁ က လက်နက်ကြီးနဲ့ ထုနေတာ ဒီကနေ့မနက်ကတော့ ၅ လုံးလောက်ရှိတယ်၊ တလုံးနဲ့ တလုံးကတော့ ၅ မိနစ်လောက်ဘဲခြားတယ်ဗျ။ သူတို့ပစ်လိုက်တာက နမ့်ဆန်နဲ့ ၅ မိုင်လောက်ဝေးတဲ့ ရွာတရွာနားကိုသွားကျတယ်။ အဲဒါ ရွာသားတွေက ဒီမနက်က ဖုန်းဆက်  လာတယ်။ အဲဒီအချိန်က သူတို့အလုပ်သွားလုပ်နေတဲ့အချိန်  ထိတ်လန့်တာပေါ့ဗျာ။ ကျနော်လည်း သူတို့ကို ထပ်ပြောပါတယ်။ အိမ်တွေလူတွေထိတယ်ဆိုရင် ကျနော့်ကို သတင်းပို့ပါလို့။ ခု ထိတော့ မဆက်သွယ်လာသေးဘူး။” အခုလိုပစ်ခတ်နေတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ က တပ်မတော်သားတွေ နမ့်ဆန်နဲ့ ၂ မိုင်ခန့်ဝေးတဲ့ ကယားလမ်းကျေးရွာအုပ်စု ဟိုးချောင်းကျေးရွာဘက်မှာ ဆွဲမိုင်းမိပြီး သေဆုံးဒဏ်ရာရခဲ့တာနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ “တပ်မတော်စစ်ကြောင်းက အဲဒီနေ့ မနက် ၂ နာရီခွဲလောက်မှာ  ဆွဲမိုင်းမိတယ်လို့ ရွာသားတွေက ပြောပါတယ်။  မနက် ၈ နာရီလောက်မှာ ဒဏ်ရာရတဲ့ တပ်မတော်သား ၁၀ ဦးက  နမ့် ဆန်ပြည်သူ့ဆေးရုံကို ရောက်လာတယ်။  ၁၀ ယောက်မှာ ၃ ယောက် ဆုံးသွားတယ်။ ၄ ယောက် အသည်းအသန်ဖြစ်တယ်။ ကျန်တဲ့ ၃ ယောက်က မပြင်းထန်ဘူးလို့ ပြောတယ်။ အဲဒီနောက်ပိုင်း နမ့်ဆန်နားမှာ လက်နက်ကြီးထုသံတွေ ဆက်တိုက်ကြားနေရတော့တာပဲ” ပလောင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ တပ်မတော်စစ်ကြောင်း နဲ့ တီအန်အယ်လ်အေ တအာင်းတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ တခြားနေရာကို တိမ်းရှောင်သွားတာတွေလည်းရှိပြီး  ဒေသဦးစီးအဖွဲ့ရော လွှတ်တော်ကိုယ်စား လှယ်တွေပါ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာမှာ အဟန့်အတားတွေရှိနေကြောင်း၊ လူထု တော်တော် ထိတ်လန့်နေတဲ့အတွက် တပ်မတော်ဘက်က ပစ်ခတ်မှုတွေ လျှော့ပေးစေချင်တယ်လို့  ဦးသိန်းဇော်က ပြောပါတယ်။ တီအန်အယ်လ်အေ ပြန်ကြားရေးဌာနကတော့  တပ်မတော်ဟာ  နမ့်ဆန် တပ်စခန်းကနေပြီး  ပန်ကျရော့ကျေးရွာ၊ အာရမ်းကျေးရွာ၊ ပိန်းလုံကျေးရွာနဲ့ တာလက်ကျေးရွာ ပတ်ဝန်းကျင်သို့ ၁၀၅ မမ အမြောက်နဲ့  အကြောင်းမဲ့  ပစ်ခတ်လျက်ရှိကြောင်း၊  အောက်တိုဘာ ၃၀ ရက်နေ့က ဟူးမန်းကျေးရွာအတွင်း ပစ်ခတ်တဲ့အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ တယ်လို့ ထုတ်ပြန်ထားပါတယ်။ တပ်မတော်သားများ ဆွဲမိုင်းမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ တော့ မတွေ့သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024