ဖြူးမြို့တွင် လောင်စာဆီတင်ကားတိုက်၍ ကျောင်းသူ ၁ ဦး သေဆုံး
DVB
·
November 8, 2016
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ရန်ကုန် - မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ( ၁၄၁ /၂ နှင့် ၁၄၁/၃) အကြား တာခြားရပ်ကွက်မှာ နိုဝင်ဘာ ၇ ရက်နေ့က လောင်စာဆီတင်ကား တိုက်မိလို့ ၈ တန်းကျောင်းသူတဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
ယာဉ်မောင်း သန်းလင်းထိုက် (ခ) မောင်လေးမောင်းနှင်လာတဲ့ ယာဉ်အမှတ် 4F / 6332 ဟာ ကျောင်းသူနှစ်ဦး စီးနင်းလာတဲ့ စက်ဘီးအားနောက်ကနေ ဝင်တိုက်လို့ ၈ တန်းကျောင်းသူ မနီလာကျော် သေဆုံးခဲ့ရတာပါ။
"ကားနဲ့ကလေးမလေးတွေက လမ်းကြောင်းတူဗျ။ ကလေးမလေးနှစ်ယောက်က စက်ဘီးနဲ့ ကားကနောက်က ကောင်မလေးကိုချိတ်ပြီး အဲ့ကောင်မလေးက လွင့်ကျသွားတော့ သေသွားတဲ့ ကောင်မလေးနဲ့ စက်ဘီးကိုချိတ်ပြီး ဆွဲသွားပြီးတော့မှကြိတ်ပြစ်တာ။ နေရာမှာ တင်သေသွားတယ်။ ကားက အချိန်တအားများတယ်ဗျ။ ကောင်မလေးတွေ သနားပါတယ်။ တယောက်ကတော့ ဆေးရုံမှာ စိုးရိမ်ရတယ်လို့တော့ကြားတယ်" လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
ဖြူးမြို့မရဲစခန်း တာဝန်ရှိသူတဦးက ကားသမားကိုတော့ ဖမ်းထားပြီး အမှုဖွင့် အရေးယူဆောင်ရွက်မှု လုပ်နေတယ်လို့ ပြောပါတယ်။
သတင်း ကျော်အောင် (ကညွတ်ကွင်း)