မြန်မာသင်္ဘောသားများ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြ
DVB
·
November 8, 2016
မြန်မာသင်္ဘောသားလောကမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးဖို့ ဒီကနေ့မနက်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သင်္ဘောသားတွေက အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒဖော်ထုတ်တာဖြစ်ပြီး သင်္ဘောသားတွေရာနဲ့ချီ ဝန်းရံ ပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ သင်္ဘောသားတွေနဲ့ ပတ်သက်တဲ့ စာမေးပွဲစနစ်တွေကိုလဲ ပြောင်းလဲပေးဖို့သင်္ဘောသားတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ကြိုးနီစနစ်များပြားတာကိုပြုပြင်ပေးဖို့၊ သင်္ဘောအေဂျင်စီတွေရဲ့ သင်္ဘောသားတွေ အပေါ်ကောက်ခံတဲ့ အခကြေးငွေ နှုန်းထားတွေကို ပြန်လည် ပြင်ဆင်သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့လဲတောင်းဆိုကြပါတယ်။
မြန်မာသင်္ဘောသားလောက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သင်္ဘောသားတွေ ဆန္ဒဖော်ထုတ်တာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမတကြိမ်တုန်းကတော့ အကြောင်း အမျိုးမျိုးကြောင့် ဆန္ဒပြပွဲပျက်သွားခဲ့ရပါတယ်။
သတင်းဓာတ်ပုံ - အာကာ