Home
မြန်မာသတင်း
ရွှေပေါက္ကံတွင် ဖမ်းမိသည့် ခိုးဝင်ဘင်္ဂါလီ ၁၇ ဦးအမှု ရုံးထုတ်
DVB
·
November 7, 2016
ရန်ကုန် ရွှေပေါက္ကံမှာ ပြီးခဲ့တဲ့လက ဖမ်းဆီးရမိခဲ့တဲ့ ခိုးဝင်ဘင်္ဂါလီ ၁၇ ဦးရဲ့အမှုကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ  ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။ အောက်တိုဘာ ၂၂ ရက်က မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံမြို့ အလောင်းဘုရားလမ်းက နေအိမ်တအိမ်မှာ အထောက်အထားမဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုး ၁၇ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်တို့ကနေတဆင့် မကွေးမြို့ကို ဝင်ရောက်ခဲ့ပြီးနောက် မကွေးမြို့ကနေတဆင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။ ဖမ်းဆီးထားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး ပါဝင်နေတာကြောင့် ၁၃ ဦးကိုပဲ ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ရုံးထုတ်စစ်ဆေးခဲ့တဲ့ ၁၃ ဦးကို အထောက်အထားမဲ့ ခိုးဝင်နေထိုင်တဲ့အတွက် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်တင်ပုံတင်ရေး အက်ဥပဒေ ၆(၂)/၆(၃) နဲ့ တရားစွဲဆိုထားပါတယ်။ ကျန်ရှိနေတဲ့ အသက်မပြည့်သေးသူ ၄ ဦးကိုတော့ အင်းစိန်အကျဉ်းထောင်မှာ မထားဘဲ သန်လျင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိတဲ့ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ထံမှာ အပ်နှံထားတယ်လို့ မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး ဦးနန္ဒမျိုးက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် နိုဝင်ဘာ ၂၁ ရက်မှာ အမိန့်ချမှတ်ဖို့ရှိပြီး ပြစ်မှုထင်ရှားရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ဒဏ်ငွေ ၅၀၀ ကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024