Home
မြန်မာသတင်း
တောဆင်ရိုင်း ဦးခေါင်းပြတ် ရေစီးနှင့်အတူမျောလာ
DVB
·
November 7, 2016
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ချောင်းစောက်ကျေးရွာ ချောင်းအတွင်း နိုဝင်ဘာ ၇ ရက်နေ့က ဦးခေါင်းပြတ်ပြီး ချောင်းရေနဲ့အတူ မျောပါလာတဲ့ ဆင်ရိုင်းအသေ ၁ ကောင်ကို တွေ့ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးသန်းလင်းကပြောပါတယ်။ "ကျနော်တို့ဆီမှာ မနေ့က မိုးရွာတယ်လေ၊ ချောင်းဖျားမှာ မိုးရွာတာကများတော့ ညက ရွာအထိ ရေကြီးပါတယ်။ အခုမနက် ရေပြန်ကျသွားပြီး နေ့လယ် ၁၂ နာရီကျတော့မှ တွေ့တာပါ။ ဆင်က ဦးခေါင်းပြတ်ပြီး ဒိုက်ပေါ်မှတင်နေတာပါ၊ နှာမောင်းနဲ့ အစွယ်လည်း မရှိတော့ပါဘူး။ ကိုယ်လုံးကတော့ သောင်ပေါ်မှာပါ၊ တခြမ်းပဲပါပြီး ခြေထောက်တချောင်းပဲပါတယ်။ ပုပ်စော်လည်း နံနေပါပြီ။ ဘယ်အချိန်ကတည်းက သေတာလည်းတော့ မသိပါဘူး။ ရေကြီးပြီး ချောင်းဖျားကနေ ချောင်းရေနဲ့အတူ မျောပါလာပြီး တင်ကျန်ခဲ့တာပါ" လို့ ပြောပါတယ်။ ပဲခူးရိုးမ မာဂရီသစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းတွေ အုပ်စုဖွဲ့နေထိုင်ကြပြီး အခုလို နွေရာသီ စပါးပေါ်ချိန်နဲ့ ကြံပေါ်ချိန်တွေမှာ စိုက်ခင်းတွေကို အုပ်စုလိုက်ရောက်လာပြီး ဖျက်ဆီးစားသောက်ကြပါတယ်။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ ၂၀၀၀ ခန့်သာ ကျန်ရှိတော့ပြီး တောဆင်ရိုင်းအများဆုံးရှိတဲ့ ဒေသတွေထဲမှာ တိုက်ကြီးမြို့နယ်လည်း ပါဝင်ပါတယ်။ တောဆင်ရိုင်းအန္တရာယ် ကာကွယ်ဖို့ တိုက်ကြီးမြို့နယ်ထဲက ချောင်းစောက်၊ သာယာအေး၊ အလယ်မြောင်နဲ့ အောင်ချမ်းသာကျေးရွာတွေမှာ လျှပ်စစ်ခြံစည်းရိုးတွေကာဖို့ လုပ်ဆောင်နေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ  ဦးမောင်မောင်ကြီးက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024