မြန်မာကာကွယ်ရေးဦးစီးချုပ် ဥရောပတွင် ရောက်ရှိနေ
DVB
·
November 7, 2016
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ အီးယူ ဥရောပသမဂ္ဂ အခြေစိုက်တဲ့ ဘယ်လ်ဂျီယံနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေပါတယ်။
ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မစ်ခေးလ် ကော့်စ်တာရာကို့စ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ ရှိနေတယ်လို့ မြန်မာ့တပ်မတော်အကြီးအကဲရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ နိုဝင်ဘာ ၅ ရက်ကတည်းက ဥရောပပါလီမန်၊ ဥရောပကောင်စီ၊ ဥရောပကော်မရှင်နဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။