DVB Logo
Home
မြန်မာသတင်း
လယ်သမား​သူပုန်ထမှုသမိုင်း​ကို လူငယ်များ​ ပြန်​ဖော်ထုတ်မည်
DVB
·
November 7, 2011
လယ်သမား​သူပုန်ထမှုသမိုင်း​ကို လူငယ်များ​ ပြန်​ဖော်ထုတ်မည်
Donate to DVB

တိမ်မြုပ်လုမတတ်ဖြစ်​နေတဲ့​ မြန်မာ့​သမိုင်း​ထဲက ဆရာစံဦး​ဆောင်တဲ့​ လယ်သမား​ သူပုန်ထမှုကို ပြန်လည်​ဖော်ထုတ်ဖို့​ လူငယ်​တွေက စီစဉ်​နေကြပါတယ်။

အင်္ဂလိပ်နယ်ချဲ့​တွေကို ရရာလက်နက်နဲ့​ ​တော်လှန်ပြီး​နောက် ​သေဒဏ်​ပေး​ခံခဲ့​ရတဲ့​ ဆရာစံနဲ့​ လယ်သမား​သူပုန်​တွေအတွက် ​အောက်​မေ့​ဖွယ် အခမ်း​အနား​ကို သာယာဝတီမြို့​မှာ ပထမဆုံး​အကြိမ် ကျင်း​ပဖို့​ စီစဉ်​နေတယ်လို့​ လူငယ်​တွေက ​ပြောပါတယ်။

ဆရာစံနှင့်​ လယ်သမား​သူပုန်​တွေ ကွပ်မျက်ခံရတာ နှစ် ၈၀ ပြည့်​မြောက်တဲ့​ ဒီလ ၂၈ ရက်​နေ့​မှာ သာယာဝတီမြို့​က သီရိမင်္ဂလာဘုန်း​ကြီး​ကျောင်း​မှာ ဆွမ်း​ကပ်လှူပွဲနဲ့​ ​အောက်​မေ့​ဖွယ် အစီအစဉ်​တွေ ပြုလုပ်မှာဖြစ်တယ်လို့​ ပွဲစီစဉ်တဲ့​ သာယာဝတီနယ်ခံ ကို​ဇော်နိုင်ဦး​က ​ပြောပါတယ်။

“နှစ် ၈၀ မှာ ပထမဆုံး​ဖြစ်​တော့​ အဲဒီ သူတို့​ရဲ့​ မိသား​စု​တွေပါ လိုက်​တွေ့​ပြီး​တော့​ ဖိတ်တာတို့​ဘာတို့​ လုပ်ကြည့်​တယ်။ သမိုင်း​ကို ပြန်​မေး​ကြည့်​တဲ့​အခါမှာ သမိုင်း​မှာမပါတဲ့​ အ​ထောက်အထား​တွေ အများ​ကြီး​တွေ့​လာရတယ်။ ဒီ​နေ့​မှာပဲ ဆရာစံအမှတ်တရလုပ်ထား​တဲ့​ ​အောင်​မြေကုန်း​ဆိုတာရှိတယ်။ သာယာဝတီနဲ့​ ၁၀ မိုင်​လောက်အကွာမှာ။ အဲဒီကို သွား​လိုက်တဲ့​အခါမှာလည်း​ အဲဒီမှာ ​စောင့်​ရှောက်​နေကြတဲ့​ သူတို့​နဲ့​နီး​စပ်တဲ့​ မိသား​စုနဲ့​တွေ့​တော့​ သူတို့​လည်း​ မျက်ရည်ကျပြီး​တော့​ လာတက်မယ်ဆိုတဲ့​အ​ကြောင်း​ ​ပြောကြတယ်။ ကျ​နော်တို့​တွေ့​ခဲ့​တဲ့​သူ စာရင်း​ရှိတဲ့​သူကိုပဲ ၄၀၊​ ၅၀၊​ ၁ဝဝ​လောက်ရှိတယ်။”

ဆရာစံသူပုန်တပ်ဖွဲ့​ဝင်​တွေရဲ့​ သား​သမီး​တွေ​တောင် အခုအချိန်မှာ အသက် ၈၀ ​ကျော် ကုန်ကြပြီလို့​ သိရပါတယ်။ ​အောက်​မေ့​ဖွယ်အခမ်း​အနား​ စီစဉ်သူလူငယ်​တွေက နယ်ပယ်စုံက လူသိ ထင်ရှား​ပုဂ္ဂိုလ်​တွေကို ဖိတ်ကြား​ဖို့​လည်း​ စီစဉ်​နေကြပါတယ်။

“ဖိတ်ကြား​သင့်​တဲ့​သူ​တွေကို ဖိတ်ကြား​တယ်ဆိုတာ ကိုယ့်​သက်ဆိုင်ရာ ပါတီနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​ ​ခေါင်း​ဆောင်​တွေ အကုန်လုံး​ကို ဖိတ်ကြား​မယ်ဆိုပြီး​ လက်ခံတဲ့​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်ကို ချတယ်။ အန်အယ်လ်ဒီက ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဖိတ်လို့​လာနိုင်ရင်လည်း​ ကျ​နော်တို့​ ကြိုဆိုပြီး​မယ်။ ကြံ့​ခိုင်​ရေး​ပါတီက သမ္မတကြီး​ ဦး​သိန်း​စိန်ကို ဖိတ်ကြား​ပေး​မယ်ဆိုရင်လည်း​ ကျ​နော်တို့​ ဝမ်း​မြောက်ဝမ်း​သာ ကြိုဆိုမယ်ဆိုပြီး​ အစည်း​အ​ဝေး​မှာ ဆုံး​ဖြတ်တယ်။ နာ​ရေး​ကူညီမှုအသင်း​ကလည်း​ ကို​ကျော်သူကိုဖိတ်မယ်။ သီတဂူတို့​ဘာတို့​ကို ဖိတ်မယ်လို့​ပြောတယ်။ ဖိတ်လို့​ရရင်လည်း​ အ​ကောင်း​ဆုံး​ဆိုပြီး​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​လုပ်လိုက်တယ်။”

ဝံသာနု​ခေတ်နိုင်ငံ​ရေး​သမား​ ဆရာစံဟာ စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​ဇာတိဖြစ်ပြီး​ ၁၉၃၀ မှာ ဆင်း​ရဲချို့​တဲ့​တဲ့​ သာယာဝတီနယ်က လယ်သမား​ သူပုန်​တွေကို ဦး​ဆောင်ပြီး​ အင်္ဂလိပ် နယ်ချဲ့​စနစ်ကို လက်နက်စွဲကိုင်​တော်လှန်ခဲ့​ပါတယ်။

တနှစ်အကြာမှာ သူ့​ကို ရှမ်း​ပြည်နယ်မှာ ဖမ်း​မိပြီး​ တပည့်​တပန်း​များ​စွာနဲ့​အတူ ​သေဒဏ်​ပေး​ခံခဲ့​ရပါတယ်။ သမိုင်း​မှာ ဆရာစံဦး​ဆောင်တဲ့​ လယ်သမား​ ​တော်လှန်​ရေး​ ကျဆုံး​သွား​ပေမယ့်​ နယ်ချဲ့​ဆန့်​ကျင်​ရေး​နဲ့​ အမျိုး​သား​စိတ်ဓာတ်ကို နှိုး​ဆွ​ပေး​နိုင်ခဲ့​တယ်လို့​ သမိုင်း​ဆရာ​တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013