စိတ်ဖောက်ပြန်သည့် ဖခင်ကြောင့် ကလေး ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ - လားရှိုးမီဒီယာ
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ စိတ်ဖောက်ပြန်နေတဲ့ ဖခင်ရင်းဖြစ်သူက သားသမီးတွေကို ဓားနဲ့ခုတ်သတ်လို့ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပြည်နယ်ဒုရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၅ ရက်ညပိုင်းက လားရှိုးမြို့ ရပ်ကွက် ၅ နယ်မြေ ၄ မှာ ဓားခုတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီသူဟာ စိတ်ဖောက်ပြန်နေတယ်လို့ ပြောပါတယ်။ “မနေ့ည ၁၀ နာရီကျော်လောက်က ဖြစ်တာ။ ဒီလူက အကြမ်းဖျင်း သိရှိရတဲ့အနေအထားက စိတ်မမှန်ဘူး၊ တလ တကြိမ်နှစ်ကြိမ်လောက် စိတ်ဖောက်ပြန်တာ ရှိတယ်။ မူးဟစ်ဆေးဝါး သုံး မသုံးကတော့ ဆီးစစ်နေတာ လုပ်နေတုန်း။ သူ့ အမျိုးသမီးကို စ ခုတ်တာ၊ သူ့အမျိုးသမီး အိမ်ရှေ့ထွက်ပြေးသွားပြီး သူ့အဖေအိမ်မှာ သွား အကူအညီတောင်းတယ်၊ ကလေးတွေ အိမ်မှာ အိပ်နေရင်း ကျန်ခဲ့တဲ့အချိန်မှာ ဓားနဲ့ လည်ပင်းလှီးတာ၊ နောက်ဆုံးကျတော့ သူ့ လည်ပင်း သူ လှီးတယ်။” အသက် ၄ နှစ်နဲ့ ၅ နှစ်အရွယ် သားယောက်ျးလေး ၂ ဦး သေဆုံးခဲ့ပြီး အသက် ၉ လအရွယ် ကလေးငယ်တဦး အပါအ၀င် ကျန် ကလေး ၂ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပါတယ်။ ပြစ်မှုကျုးလွန်သူ အိုက်ကျံး ခေါ် အိုက်ကျွမ်းကို ဆေးရုံအချုပ်နဲ့ထားပြီး လားရှိုးရဲစခန်းမှာ လူသတ်မှုပုဒ်မ(၃၀၂)၊ သေကြောင်းကြံစည်မှု၊ သေစေအောင်နာကျင်စေမှုတို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

More News
Up