DVB Logo
Home
မြန်မာသတင်း
“အမျိုး​သမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကျဉ်း​ပါ” ဗွီဒီယိုမှတ်တမ်း​ခွေ ဖြန့်​ချိ
DVB
·
November 7, 2011
“အမျိုး​သမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကျဉ်း​ပါ” ဗွီဒီယိုမှတ်တမ်း​ခွေ ဖြန့်​ချိ
Donate to DVB

ကချင်၊​ ကရင်နဲ့​ ရှမ်း​ဒေသ​တွေမှာ ဆက်တိုက်ဖြစ်ပွား​နေတဲ့​ မြန်မာစစ်တပ်ရဲ့​ ထိုး​စစ်ဆင်မှု​တွေနဲ့​အတူ အမျိုး​သမီး​တွေအ​ပေါ် အဓမ္မပြုကျင့်​မှုများ​ ကျူး​လွန်​နေဆဲဖြစ်​ကြောင်း​ ​ဖော်ထုတ်တင်ပြထား​တဲ့​ ဗွီဒီယိုမှတ်တမ်း​ခွေကို အမျိုး​သမီး​များ​အဖွဲ့​ချုပ် (မြန်မာနိုင်ငံ) က ဒီက​နေ့​ ထုတ်​ဝေဖြန့်​ချိလိုက်ပါတယ်။

အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက “အမျိုး​သမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကျဉ်း​ပါ” လို့​ အမည်​ပေး​ထား​တဲ့​ ဒီမှတ်တမ်း​ခွေကို ထိုင်း​နိုင်ငံ ချင်း​မိုင်တက္ကသိုလ်တွင်း​ရှိ အိုင်စီခန်း​မမှာ မိတ်ဆက်ဖြန့်​ချိပွဲ ပြုလုပ်ခဲ့​တာပါ။

ဒီမှတ်တမ်း​ဗွီဒီယို​ခွေမှာ ပိုမိုခိုင်မာတဲ့​ သက်​သေအ​ထောက်အထား​တွေကို ထည့်​သွင်း​ထား​ပါတယ်။

အဓမ္မပြုကျင့်​ခံရသူ အမျိုး​သမီး​တွေကိုယ်တိုင် ​ဖြေကြား​ထား​ချက်နဲ့​အတူ အမျိုး​သမီး​အဖွဲ့​အစည်း​တွေအပါအဝင် လူ့​အခွင့်​အ​ရေး​အတွက် ​ဆောင်ရွက်​နေသူ​တွေနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ထား​ချက်​တွေလည်း​ ပါဝင်ပါတယ်။

အ​ခွေထုတ်ရတဲ့​ အ​ကြောင်း​ရင်း​ကို ကချင်အမျိုး​သမီး​များ​အစည်း​အရုံး​ ထိုင်း​နိုင်ငံက ဂျန်မွန်း​နေလီက ခုလို ​ပြောပါတယ်။

“ကျမတို့​ ကချင်​ဒေသမှာဆိုရင် အစိုး​ရစစ်တပ်က​နေပြီး​ ​ကေအိုင်​အေစစ်တပ်ကို စပြီး​ထိုး​စစ်ဆင်ခဲ့​တယ်။ ထိုး​စစ်ဆင်လာတဲ့​ ​နောက်ပိုင်း​မှာ အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​တဲ့​ကိစ္စ​တွေ၊​ အဓမ္မပြုကျင့်​ပြီး​ သတ်ဖြတ်တာ​တွေက ပြီး​ခဲ့​တဲ့​ဟာ​တွေထက် ပိုပြီး​တော့​ များ​များ​ဖြစ်လာတယ်။ မရပ်တန့်​သွား​ဘဲနဲ့​ ပိုဖြစ်လာတာကို ​တွေ့​ရှိရ​တော့​ စိတ်မ​ကောင်း​ဖြစ်တဲ့​အတွက် အား​လုံး​ရဲ့​ အသံကိုထုတ်​ဖော်ဖို့​အတွက် လုပ်ရတဲ့​အချိန်အခါဖြစ်လာတယ်။”

မြန်မာစစ်တပ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေနဲ့​ စစ်အုပ်စုကို သူတို့​ကျူး​လွန်ထား​တဲ့​ စစ်ရာဇဝတ်မှုနဲ့​ လူသား​ဖြစ်မှုကိုဆန့်​ကျင်တဲ့​ ရာဇဝတ်မှုများ​အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး​မှာ တရား​စွဲဆိုနိုင်ဖို့​ ကုလသမဂ္ဂ စုံစမ်း​စစ်​ဆေး​ရေး​ကော်မရှင် ဖွဲ့​စည်း​ပေး​ဖို့​ အဓိက​တောင်း​ဆိုချင်တဲ့​အတွက် ဒီအ​ခွေကို ထုတ်​ဝေခဲ့​တာပါလို့​ WLB သတင်း​ထုတ်ပြန်​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကောင်စီကို တိုင်ကြား​ဖို့​ အစီအစဉ်မရှိ​သေး​ဘူး​လို့​ ရှမ်း​အမျိုး​သမီး​ရေး​ရာ ဆက်သွယ်လှုပ်ရှား​ ​ဆောင်ရွက်​ရေး​အသင်း​က နန်း​ဆိုင်​နောင့်​က ​ပြောပြပါတယ်။

“လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ မုဒိမ်း​ကျင့်​ခံရမှု​တွေကို ရပ်တန်း​က ရပ်ရင်​တော့​ ​ကောင်း​ပါတယ်။ တကယ့်​ပြဿနာက အခုချိန်ထိ လက်ရှိအချိန်ထိကို အမျိုး​သမီး​တွေက စစ်တပ်ရဲ့​ မုဒိမ်း​ကျင့်​မှုကို ခံ​နေရတယ်။ တခြား​လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေလည်း​ ဆက်ရှိ​နေ​သေး​တာက တကယ့်​ပြဿနာပါပဲ။”

မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကောင်စီမှာ တိုင်ကြား​ဖို့​ဆိုတာ လက်​တွေ့​မှာ​တော့​ မလွယ်ဘူး​ဆိုတဲ့​အ​ကြောင်း​ကိုလဲ ဂျန်မွန်း​နေလီက ခုလို ဆက်လက်​ပြောပြပါတယ်။

“​သေ​သေချာချာ ​လေ့​လာမယ်ဆိုရင် လူ့​အခွင့်​အ​ရေး​ကော်မရှင်ရဲ့​ လုပ်ပိုင်ခွင့်​တွေက ​တော်​တော်​လေး​နည်း​နေ​သေး​တယ်။ လူ့​အခွင့်​အ​ရေး​ကော်မရှင် စဖွဲ့​တဲ့​နောက်ပိုင်း​မှာ ဒီ​ကော်မရှင်မှာ ဒီလိုမျိုး​တင်လို့​ရတယ်ဆိုတာကို လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု ပိုများ​လာတဲ့​ ကျမတို့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဒီသတင်း​တွေ​ရောက်ဖို့​ မရှိပါဘူး​။ ဘာလို့​လဲဆို​တော့​ မြန်မာပြည်ရဲ့​အ​ခြေအ​နေက သတင်း​မီဒီယာ​တွေ လက်လှမ်း​မီဖို့​ ​တော်​တော်​လေး​ခက်ခဲပါတယ်။”

သမ္မတဦး​သိန်း​စိန်က မြန်မာနိုင်ငံအတွင်း​ လူ့​အခွင့်​အ​ရေး​ကျူး​လွန်ခဲ့​သူ​တွေ၊​ စစ်တပ်က ပြည်သူ​တွေအ​ပေါ် မတရား​မှု​တွေ ကျူး​လွန်ခဲ့​မှု​တွေကို မြန်မာနိုင်ငံလူ့​အခွင့်​အ​ရေး​ကော်မရှင်ကို တိုင်ကြား​နိုင်တဲ့​အ​ကြောင်း​ တရား​ဝင်​ကြေညာထား​ချိန်မှာပဲ အမျိုး​သမီး​များ​အဖွဲ့​ချုပ်မြန်မာနိုင်ငံက ခုလို မှတ်တမ်း​ဗွီဒီယို ထုတ်ပြန်ပြီး​ ကုလသမဂ္ဂကို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013