Home
မြန်မာသတင်း
တောင်ကြီးတန်ဆောင်တိုင် မနှစ်ကထက် ပိုစည်
နန်းမြနဒီ
·
November 7, 2011
316971_274399449271810_100001052711898_876675_1331026640_n
မြန်မာပြည်က တန်ဆောင်တိုင်ပွဲတွေကြားမှာ ထူးထူးခြားခြား အရုပ်မျိုးစုံ ပုံဖော်ထားတဲ့ မီးပုံးပျံကြီးတွေ၊ ရောင်စုံ မီးကျည်မီးပုံးတွေ​​ ​ဝေဝေဆာ​ဆာ​ ​ချိတ်​ဆွဲ​ထား​တဲ့​​ ​မီး​ပုံးပျံပြိုင်ပွဲ ကျင်းပတာကြောင့် နာမည်ကြီးတဲ့ တောင်ကြီး တန်ဆောင်တိုင်ဟာ  ဒီနှစ် ပိုစည်ကားပါတယ်။ တောင်ကြီးမြို့ တောင်ဘက် စောစီရပ်ကွက်က အကျယ်အ၀န်း စတုရန်းမိုင် တမိုင်ခန့်ရှိတဲ့ ပွဲခင်းထဲမှာ ဈေးဆိုင်ခန်းပေါင်း တရာကျော် ခင်းကျင်းပြီး ကျင်းပနေတာပါ။ ဒီနှစ်ပွဲတော် အခြေအနေနဲ့ ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေး ကော်မတီဝင် တဦးဖြစ်သူ ဦးတင်မောင်အေးက ခုလို ပြောပြပါတယ်။ “ပိုစည်တာပေါ့။ ဒီနှစ်တော့ မီးပုံးပျံလည်း ပိုများတယ်။ စုစုပေါင်း ၆၀၀ ကျော်ရှိတယ်။ ကျွဲရုပ်တို့၊ ဖားရုပ်တို့၊ ခြင်္သေ့၊ ၀က်ရုပ်၊ အမျိုးစုံပဲ။ မီးပုံပျံကြည့်တဲ့လူလည်း မိုးလင်းပေါက်ပဲ။ တညလုံးလွှတ်တာ၊ မနက်လေးနာရီလောက်မှ ပြီးတယ်။” ဒီပွဲတော်မှာ အစဉ်အလာမပျက် မီးပုံးပျံပြိုင်ပွဲ ကျင်းပသွားပြီး  ဆုကြေးကတော့ မနှစ်ကထက် ပိုများတယ်လို့ သိရပါတယ်။ မနှစ်က ပထမဆုရတဲ့ မီးပုံးပျံကို ကျပ်ငွေ သိန်း ၄၀ ဆုချရာက ဒီနှစ်တော့ ၄၅ သိန်း၊ ဒုတိယဆု ၃၅ သိန်း၊ တတိယက သိန်း ၃၀ ရကြမှာ ဖြစ်တယ်။ ပြိုင်ပွဲဝင်မီးပုံးပျံတွေကို စိစစ်ရွေးချယ်တာမှာ  မီးခိုးမှိုင်းတိုက်ပုံ၊ စက္ကူချိုးတဲ့ပုံသဏ္ဌာန်၊ အမြင့်ကို တက်သွားပုံ၊ ဝေဟင်မှာကြာကြာဝဲနေပုံ၊ စက္ခုပသာဒရှိမရှိနဲ့ မီးပုံးမီးပန်းချိတ်ဆွဲပုံ၊ စည်းကမ်းလိုက်နာမှု စတဲ့ အခြေခံအချက် ၇ ချက်နဲ့ ရွေးချယ်ပါတယ်။ ဆုပေးပွဲကို တန်ဆောင်မုန်းလပြည့်ကျော် တရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မြို့လုံးကျွတ် ကထိန်ခင်းပွဲနဲ့ မီးပဒေသာလှည့်လည်ပွဲတွေ  ညလုံးပေါက် မသိုးသင်္ကန်းရက်ပြိုင်ပွဲလည်း ကျင်းပဖို့ ရှိပါတယ်။ ဒါ့ပြင် တေးဂီတဖျော်ဖြေပွဲပါရှိပြီး အာဇာနည်၊ ၀ိုင်းစုခိုင်သိန်းစတဲ့ နာမည်ကြီး အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေနေကြပြီး ဧည့်ပရိသတ်နေ့စဉ် လူသောင်းချီရှိမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။ တောင်ကြီးမြို့က  တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် အနှစ် ၆၀ တိုင်ခဲ့ပြီဖြစ်ပြီး  ဒီနှစ်ပွဲတော်ကို  နိုဝင်ဘာ ၃  ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024