DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီအမျိုးသမီးများ မုဒိမ်းကျင့်ခံရခြင်း မရှိဟု နိုင်ငံတကာသံတမန်များပြော
DVB
·
November 4, 2016
ဘင်္ဂါလီအမျိုးသမီးများ မုဒိမ်းကျင့်ခံရခြင်း မရှိဟု နိုင်ငံတကာသံတမန်များပြော
Donate to DVB

မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်အချို့က ဘင်္ဂါလီကျေးရွာတွေမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ ရှိတယ်လို့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာ စုံစမ်းခဲ့တဲ့ နိုင်ငံတကာသံတမန်တွေက အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတယ်ဆိုတာ မရှိဘူးလို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေမှာ မီးရှို့တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေတဲ့နောက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာ ဒက်စ်ဆယ်လီယန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ နိုင်ငံတကာသံတမန်အဖွဲ့ဟာ ကျေးရွာတွေကို လေ့လာစုံစမ်းခဲ့ပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာက “ဒီလိုအခြေအနေမျိုးမှာ ကျမတို့ကို အစိုးရအနေနဲ့ ဘယ်စုံစမ်းစစ်ဆေးမှုမဆို ကောင်းတဲ့လုပ်ရပ်တခု ဖြစ်မှာပါ။ အရေးကြီးဆုံး အချက်ကတော့ ကျမတို့အနေနဲ့ စွပ်စွဲချက်တွေ မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် ဆိုတာကို ကျမတို့ အသေချာပြောလို့ မရပါဘူး။ ကျမတို့ကိုယ်တိုင် အဲဒီနေရာကို သွားရောက်ခဲ့တဲ့ အချိန်မှာတော့ မည်သည့်အမျိုးသမီး တဦးတယောက်မှ မုဒိမ်းကျင့်ခံရတယ်၊ အဓမ္မပြုကျင့်ခံရတယ် ဆိုတာ မရှိပါဘူး” လို့ ပြောပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စရီနာတာ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးက နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်း စစ်တွေလေဆိပ် ခန်းမဆောင် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

အခုလို ဖြစ်စဉ်တွေနောက်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးက ပြောပါတယ်။

မောင်တောခရီးစဉ်နဲ့ပတ်သက်လို့ ဗြိတိန်သံအမတ်က အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ပါဝင်သူတွေကို ဖမ်းဆီးရမှာဖြစ်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြနေတဲ့ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်ကာလအတွင်း အကြမ်းဖက်မှုဖြစ်ပွားတဲ့ ကျေးရွာတွေမှာ မုဒိမ်းမှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဒါဟာ တမင်တကာ လုပ်ကြံဖန်တီး ဖော်ပြထားခြင်းဖြစ်ကြောင်း၊ အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါကြောင်းနဲ့ တကယ်လို့ ကျူးလွန်ကြောင်း ထင်ရှားပါက ထိရောက်စွာ ပြစ်ဒဏ်ပေး အရေးယူမှုကိုလည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက သံတမန်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး အပါအဝင် တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်နဲ့ ဗြိတိန် သံအမတ်ကြီးတွေနဲ့ သံရုံးအကြီးအကဲတွေ မောင်တောမြို့နယ်တွေက ကျေးရွာတွေကို နိုဝင်ဘာ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်ခံရပြီးနောက် ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတချို့ကိုလည်း အကူအညီပေးဖို့ အစိုးရနဲ့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး ဦးဆောင်တဲ့ ၁၀ ဦး အဖွဲ့က ရခိုင်ပြည်နယ် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

သတင်း၊ ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013