ပြင်သစ်-မြန်မာအနုပညာရှင် ၁၀၀ ကျော် ရန်ကုန်မြို့အနှံ့ လှည့်လည်ဖျော်ဖြေမည်
DVB
·
November 4, 2016
ပြင်သစ်-မြန်မာ အနုပညာရှင် ၁၀၀ ကျော်က ‘မင်္ဂလာပါပွဲတော်’ အစီအစဉ်နဲ့ ရန်ကုန်မြို့အနှံ့ လှည့်လည်ဖျော်ဖြေဖို့ ရှိနေပါတယ်။
အဲဒီဖျော်ဖြေမှုကို ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ၂၆ ပေ အမြင့်ရှိတဲ့ ရုပ်သေးရုပ်ကြီး နှစ်ရုပ်နဲ့ ဆပ်ကပ်၊ တေးဂီတ၊ လမ်းပေါ်အနုပညာ တင်ဆက်မှု၊ videomapping၊ ကပြဖျော်ဖြေမှုတွေ ပြုလုပ်သွားမှာပါ။
ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာမှာ နိုဝင်ဘာ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြို့က ပြည်သူတွေလက်ထဲကို ရန်ကုန်မြို့ ပြန်လည်ပေးအပ်ချင်လို့ ကျနော်တို့ ဒီပွဲကို ကျင်းပရတာပါ။ ဒီပွဲအတွက် ကျနော်တို့ အများကြီး ပြင်ဆင်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ရှေးကျတဲ့ ယဉ်ကျေးမှုအနုပညာတွေ ထွန်းကားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီအတွက် နှစ်နိုင်ငံ ပူးပေါင်းပြီး အခုလို အနုပညာပွဲဖျော်ဖြေမှု လုပ်ရတာ ဖြစ်တယ်လို့လည်း ပြင်သစ်သံအမတ်ကြီး အိုလီဗာရစ်ချက်က ပြောပါတယ်။
“ဒီပွဲကြီးကြောင့် ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ပျော်ရွှင်မှု အပြည့်ရမှာပါ။ အဲလိုပဲ မြန်မာနိုင်ငံအနှံ့က အနုပညာရှင်တွေအနေနဲ့လည်း ဒီပွဲကြီးကြောင့် တနေရာတည်းမှာ တွေ့ဆုံပြီး အနုပညာ ဖလှယ်ခွင့်ရမှာပါ။”
‘မင်္ဂလာပါ’ ပွဲတော်ဟာ ရန်ကုန်မြို့က ပြည်သူတွေအတွက် ကျင်းပတဲ့ ပထမဆုံး အနုပညာဖျော်ဖြေမှုပွဲတော် ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံမှုကတော့ နှစ်ပေါင်း ၅၅ နှစ်ရှိပြီ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး