Homeမွနျမာသတငျးပါတီမှတ်ပုံတင်ပြင်ဆင်တဲ့ ဥပဒေက အန်အယ်ဒီ မှတ်ပုံတင်ရေးအတွက် အထောက်အကူပြု

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး နိုဝင်ဘာ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး အစား လေးစားလိုက်နာရေးလို့ အစားထိုးရမယ်ဆိုတဲ့ အချက် အပါအ၀င် ပယ်ဖျက် အစားထိုးတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်တယ် ဆိုတဲ့ ရှင်းလင်းချက်လဲ ပါရှိတာ တွေ့ရပါတယ်။
ဒီနိုင်ငံရေးပါတီမှတ်ပုံတင် ပြင်ဆင်တဲ့ ဥပဒေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်နိုင်ဖို့ လမ်းဖွင့်ပေးတာပါလား။ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဥာဏ်ဝင်းကို မေးကြည့်ထားပါတယ်။
ပြင်ဆင်တဲ့ ဥပဒေမှာ အဓိကထားပြီး ဘယ်အချက်တွေ ထူးခြားတာ တွေ့ရပါသလဲဗျ။
“အချက်ကတော့ သုံးချက်ပေါ့ဗျာ။ တခုကတော့ ထောင်ကျနေတဲ့သူ မဟုတ်ရဆိုတဲ့ ကန့်သတ်ချက် ဖျက်လိုက်တယ်။ နောက်တခုက မှတ်ပုံတင်ပြီးရင် အခု ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ရမယ် ဆိုတာရယ်။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အစား လေးစားလိုက်နာရမယ်။ အဲဒီဟာတွေ ပြင်ထားတာပါ။”
ဒီပြင်ဆင်တဲ့ ဥပဒေက အန်အယ်လ်ဒီ မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ ဘယ်လောက် သက်ရောက်မှု ရှိနေလဲ။
“အန်အယ်လ်ဒီက မှတ်ပုံတင်ရေးအတွက် ဒီဥပဒေ ပြင်ဆင်ချက်တွေက အထောက်အကူပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် ကျနော်တို့ မှတ်ပုံတင်လိုက်တာနဲ့ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ထုတ်ပစ်ရမယ်ဆိုတဲ့ ပြဌာန်းချက်ကြီး၊ ကျနော်တို့ လက်သင့်မခံနိုင်တာကလည်း အဲဒါတွေကြောင့်ပါ။ အခုတော့ အဲဒါ မလိုအပ်တော့ဘူး။ ပြင်ဆက်ချက်ထဲမှာ ထည့်ပေးလိုက်တယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ လာမယ့် အပတ်ကစပြီး ဒီကိစ္စကို ပါတီအတွင်း ဆွေးနွေးပွဲတွေ လုပ်မယ်။”
ဒီဥပဒေက အစောကြီးကတည်းက သူတို့ ဆွေးနွေးနေတယ်။ အန်ကယ်တို့လည်း သိသင့်သလောက် သိနေပြီ အခုတော့ တရားဝင်ထွက်လာပြီပေါ့နော်။ ထွက်လာပြီ ဆိုတော့ ဒီဥပဒေက လက်ရှိ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်နိုင်အောင်လို့ လက်ရှိ သမ္မတကနေပြီး ပြင်ဆင် ထုတ်ပြန်လိုက်တာလို့ ပြောလို့ ရမလား။
“အသေးစိတ် အတိအကျတော့ ကျနော်မသိဘူး။ ဒေါ်စုနဲ့ သမ္မတတို့ တွေ့တာ အသေးစိတ်တော့ ကျနော်မသိဘူး။ ဒါပေမယ့်လို့ ကျနော်ဘက်မှာ ဒါတွေကို ပြင်ဖို့ လိုအပ်တယ်လို့ သဘောထားတာကိုတော့ ကျနော်သိတယ်။ ဒါကြောင့် ကျနော်တို့ သဘောထားနဲ့ ညီညွတ်တဲ့ ပြင်ဆင်ပြောင်းလဲမှုလို့ ပြောရင် ရမယ်။”
အန်အယ်လ်ဒီအတွက် ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၀င်လို့အဆင်ပြေမယ့် ဥပဒေလို့ ပြောလို့ရမလားဗျာ။
“ရပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဥပဒေထွက်လာရင် ပါတီမှတ်ပုံတင်သင့် မသင့် ဆွေးနွေးဆုံးဖြတ်မယ်လို့ ပြောထားပါတယ်။