အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်

     ၁၇၈၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အတည်ပြု လက်ခံကျင့်သုံးပြီးကတည်းက ဖက်ဒရယ်စနစ်မှာ နိုင်ငံအုပ်ချုပ်ရေးလောကတွင် လူကြိုက်များလာသော ပုံစံတခု ဖြစ်လာလေသည်။ မျက်မှောက်ကာလတွင် ဖက်ဒရယ်စနစ်မှာ နိုင်ငံရေးသိပ္ပံပညာရပ်တခုအဖြစ် လေ့လာစရာ ဘာသာရပ်တခု ဖြစ်သလို လက်တွေ့ အသုံးချမှုတွင်လည်း သိသာထင်ရှားသည့် အောင်မြင်မှုများ ရှိလာပါသည်။ ထင်ရှားသော ဖက်ဒရယ်ပညာရှင် ဒင်နီယယ် အီလေဇာ (Daniel Elazar) က “ဖက်ဒရယ် အခြေခံမူနဲ့ အစီအစဉ်များဟာ ခေတ်သစ်နိုင်ငံရေးလေထုနဲ့ ကိုက်ညီမှုရှိတဲ့အပြင်၊ ဖက်ဒရယ်စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနဲ့ မျှဝေအုပ်ချုပ်ခြင်းကို ပေါင်းစပ်ထားတဲ့ အခြေခံပေါ်မှာ အတိုင်းအတာ တစုံတရာအထိ နိုင်ငံရေးပေါင်းစည်းမှု ရရှိဖို့အတွက် ပုံစံထုတ်ထားတာဖြစ်လို့   ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေပါတယ်” ဟု ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးသည့် နိုင်ငံပေါင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၂၇ နိုင်ငံ ရှိလေပြီ။ အိန္ဒိယ ဖက်ဒရယ်စနစ်နှင့် ပတ်သက်လျှင် အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးကာလကို ပြန်လည် ခြေရာကောက်ကြည့်ရပေလိမ့်မည်။ အင်္ဂလိပ်တို့၏ တပြည်ထောင်အုပ်ချုပ်ရေးစနစ်က အိန္ဒိယတွင် အောင်မြင်မှုမရခဲ့သည့်အတွက် သူတို့ အုပ်စိုးခဲ့သည့် နောက်ပိုင်းကာလ နှစ်ပေါင်း ၈၀ အတွင်း ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်ရန် စတင်ကြိုးစားခဲ့ကြသည်။ အမှန်တကယ်အားဖြင့် အိန္ဒိယအစိုးရ အက်ဥပဒေ ၁၉၃၅ (Government of India Act, 1935) ကို ပြဋ္ဌာန်းလိုက်ခြင်းသည် မလွှဲမရှောင်သာ ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်မှ ရတော့မည်ဆိုသည့် ယုံကြည်ချက်ကို သက်သေပြလိုက်ခြင်း ဖြစ်လေသည်။ ယခင်က အိန္ဒိယအစိုးရ အက်ဥပဒေမှန်သမျှမှာ တပြည်ထောင်စနစ် ဖြစ်ပြီး ၁၉၃၅ ခုနှစ် အက်ဥပဒေတွင် စီရင်စုများနှင့် အိန္ဒိယပြည်နယ်များကို ယူနစ်များအဖြစ် သတ်မှတ်ပြီး ဖက်ဒရယ်စနစ်ကို ရေးဆွဲ ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ၁၉၃၅ အက်ဥပဒေက အိန္ဒိယအစိုးရ၏ ဖက်ဒရယ်ပုံစံ အခြေခံကို ချမှတ်ပေးခဲ့သည်။ အက်ဥပဒေက ပြည်ထောင်စုအစိုးရနှင့် စီရင်စုများ (ပြည်နယ်များ)အကြား ဥပဒေပြုရေး အာဏာများကို ခွဲဝေပေးထားသည်။ ဥပဒေပြဋ္ဌာန်းချက်များတွင် ပြည်နယ်များအကြား လိုက်လျောညီထွေ ဖြစ်စေရေးနှင့် မတူ ကွဲပြားမှုများကို ဖြေရှင်းပေးထားသည်။ အက်ဥပဒေက ပြည်နယ်များအကြား ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေး တည်ဆောက်ရန်အတွက်ပါ ရည်ရွယ်ထားသည်။ သို့ဖြစ်၍ ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်သည် ဆိုသောအမြင်မှာ အိန္ဒိယ လွတ်လပ်ရေးမရမီကပင် တည်ရှိခဲ့သည်ဟု ဆိုရပေမည်။ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယအခြေခံဥပဒေမှာ အမှန်တကယ်အားဖြင့် ၁၉၃၅ ခုနှစ် အက်ဥပဒေပြဋ္ဌာန်းချက်ပါ အခြေခံမူများကို အသေးစိတ်ကျသောပုံစံဖြင့် ပေါင်းစပ်ရေးဆွဲထားခြင်း ဖြစ်ပေသည်။   လက်ရှိအိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေမှာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇန်နဝါရီ လ ၂၆ ရက်နေ့တွင် အိန္ဒိယအစိုးရအက်ဥပဒေ ၁၉၃၅ ခုနှစ်ကို အစားထိုးခြင်းဖြင့် စတင်အသက်ဝင်သည်။ ၁၉၅၀ ခုနှစ် အိန္ဒိယ အခြေခံဥပဒေမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော အခြေခံဥပဒေဟု ဆိုလေ့ရှိသည်။ လက်ရှိအခြေခံဥပဒေတွင် နိဒါန်းနှင့် အခန်း ၂၅ ခန်း၊ ပုဒ်မပေါင်း ၄၄၈ ခု၊ ဇယား ၁၂ ခု၊ ရည်ညွှန်းချက် ၅ ခု၊ ပြင်ဆင်ချက်ပေါင်း ၁၀၀ ပါရှိသည်။ အခြေခံဥပဒေ၏ နောက်ဆုံး ပြင်ဆင်ချက်မှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က အာဏာသက်ဝင်သည်။ (မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခု၊ ဇယား ၅ ခု ပါဝင်သဖြင့် ပါဝင်သည့် ပုဒ်မအရေအတွက်အရဆိုလျှင် အိန္ဒိယအခြေခံဥပဒေထက် ပိုမိုရှည်လျားသည်ဟု ဆိုရပေမည်။) အခြေခံဥပဒေအရ  အိန္ဒိယနိုင်ငံတွင် ပြည်ထောင်စုအစိုးရနှင့်  ပြည်နယ်အစိုးရများ ဟူ၍ အစိုးရနှစ်ရပ် တည်ရှိသည်။ အစိုးရ နှစ်ရပ်သည် တခုကို တခု လွှမ်းမိုးခြင်းမရှိဘဲ လွတ်လပ်စွာဖြင့် မတူကွဲပြားသော တာဝန်များကို ထမ်းဆောင်ရင်း အတူပူးပေါင်း ဆောင်ရွက်သည်။ အခြေခံဥပဒေ၏ ဇယား ၇ တွင် ဥပဒေပြုစာရင်း ၃ ခု ပါဝင်သည်။ ပြည်ထောင်စု ဥပဒေပြု စာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းနှင့် အပြိုင်ဥပဒေပြုစာရင်း (Concurrent list) တို့ ဖြစ်ကြသည်။ အစိုးရများသည် ပိုင်းခြားထားသော အုပ်ချုပ်ရေး အာဏာများနှင့် တာဝန်များ ရှိကြသည်။   လွှတ်တော်နှစ်ရပ်စနစ် ဖြစ်ပြီး ပြည်နယ်များကို ကိုယ်စားပြုသော အထက်လွှတ်တော် (Rajya sabha) နှင့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ကိုယ်စားပြုသော အောက်လွှတ်တော် (Lok sabha ) တို့ ဖြစ်ကြသည်။ ပြည်ထောင်စုအစိုးရသည် ပြည်နယ်အစိုးရထက် ပိုမိုသော လုပ်ပိုင်ခွင့်အာဏာများ ယူထားပြီး ပိုမိုအားကောင်းသည်။ ပြည်ထောင်စုဥပဒေပြုစာရင်းသည် ပြည်နယ်ဥပဒေပြု စာရင်းထက် ပိုမိုများပြားပြီး ကြွင်းကျန်ဥပဒေပြုအာဏာ (Residual Powers) ကိုလည်း ပြည်ထောင်စုက ရယူထားသည်။ အိန္ဒိယအခြေခံဥပဒေကို အိန္ဒိယပါလီမန်က လွယ်ကူစွာပင် ပြင်ဆင်နိုင်သည်။ ကဏ္ဍအတော်များများ ပြင်ဆင်ရေးတွင် ပါလီမန်သည် ပြည်နယ်များ၏ အတည်ပြုချက်ရယူရန် မလိုပေ။ ပြည်နယ်များတွင်လည်း ဂျမူးနှင့် ကက်ရှမီးယားမှလွဲ၍ သီးခြားအခြေခံဥပဒေ မရှိပေ။ ပြည်နယ်များသည် ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ပြီး ကဏ္ဍတခုခုနှင့် ပတ်သက်၍ ပြည်ထောင်စုက ဥပဒေတရပ် ပြဋ္ဌာန်းထားရှိပြီးဖြစ်လျှင် ပြည်နယ်က ဥပဒေသစ်ပြဋ္ဌာန်း၍ မရပေ။ ပြည်နယ်များကို ကိုယ်စားပြုသော အထက်လွှတ်တော် (Rajya sabha) တွင် ပြည်နယ်တိုင်းက ညီမျှသောကိုယ်စားပြုမှု မရဘဲ၊ လူဦးရေပိုများသော ပြည်နယ် (ဥတာပရာဒက်ရှ်) က လူဦးရေ ပိုနည်းသော ပြည်နယ် (ဆစ်ကင်း)ထက် ကိုယ်စားပြုမှု ပိုမိုရရှိသည်။ ပြည်နယ်များ၏ နယ်နိမိတ်သည် အပြောင်းအလဲရှိနိုင်သည်။ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများတွင် ဗဟိုအစိုးရသည် ပြည်နယ်အစိုးရများထက် လုပ်ပိုင်ခွင့်အာဏာ ပိုများသည်။ ပြည်နယ်အုပ်ချုပ်ရေးမှုး (Governor) များသည် ပြည်ထောင်စုအစိုးရ၏ ကိုယ်စားလှယ် ဖြစ်သည်။ ပည်ထောင်စု ဥပဒေပြုစာရင်း ပည်ထောင်စု ဥပဒေပြုစာရင်း ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကသာ ဥပဒေပြုခွင့် ရှိသည့်ကဏ္ဍများ ဖြစ်ပြီး ပြည်ထောင်စုအစိုးရက လုပ်ပိုင်ခွင့်အာဏာ သက်ရောက်သည့် အဝန်းအဝိုင်းများ ဖြစ်သည်။ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် အမျိုးအစားပေါင်း ၁၀၀ (ယခင်က ၉၇ မျိုး ) ပါဝင်သည်။ ၎င်းတို့မှာ ကာကွယ်ရေး၊ လက်နက်နှင့် ခဲယမ်းမီးကျောက်များ၊ အဏုမြူစွမ်းအင်၊ နိုင်ငံခြားရေး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံသားဖြစ်မှု၊ ပြစ်မှု ကျူးလွန်သူများ လွှဲပြောင်းခြင်း၊ မီးရထား၊ သင်္ဘောနှင့် ရေကြောင်း၊ လေကြောင်း၊ စာတိုက်နှင့် ကြေးနန်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ကြိုးမဲ့ကြေးနန်းနှင့် အသံလွှင့်လုပ်ငန်း၊ ငွေကြေးလည်ပတ်မှု၊ နိုင်ငံခြားကုန်သွယ်ရေး၊ ပြည်နယ်အချင်းချင်းကြား ကုန်သွယ်ရေးနှင့် စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊ ဓာတ်သတ္တုတူးဖော်ရေး၊ သဘာဝသယံဇာတနှင့် ရေနံ၊ ရွေးကောက်ပွဲ၊ အစိုးရ ငွေစာရင်းစစ်ဆေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဗဟိုတရားရုံးများနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကော်မရှင်၊ ဝင်ငွေခွန်၊ သွင်းကုန် ပို့ကုန် အခွန်ငွေ၊ ပြည်တွင်းခွန်၊ ကော်ပိုရေးရှင်းအခွန်၊ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံခွန်၊ ပိုင်ဆိုင်မှုအခွန် စသည်တို့ ပါဝင်သည်။ ပြည်နယ် ဥပဒေပြုစာရင်း ပြည်နယ် ဥပဒေပြုစာရင်း ဆိုသည်မှာ ပြည်နယ်လွှတ်တော်များက ဥပဒေပြုနိုင်သော ကဏ္ဍများ ဖြစ်သည်။ ပြည်နယ်လွှတ်တော်များက ဥပဒေပြုခွင့် ရှိသဖြင့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ အဝန်းအဝိုင်းအတွင်း တည်ရှိသည်။ ၎င်းတို့မှာ ယခင်က ၆၆ မျိုး ရှိခဲ့သော်လည်း ယခုအခါ ၆၁ မျိုးသာ ရှိတော့သည်။ ၎င်းတို့မှာ တရားဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ မြေယာပေါ်လစီ၊ ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အား၊ ကျေးလက်ဒေသ အုပ်ချုပ်ရေး စသည်တို့ ဖြစ်သည်။ ပြည်နယ်လွှတ်တော်များက အထက်ဖော်ပြပါကဏ္ဍများတွင် ဥပဒေပြုရန် အထူးအာဏာ ရှိသည်။ သို့သော် တချို့သော အခြေအနေများအောက်တွင် ပြည်ထောင်စုလွှတ်တော်ကလည်း အထက်တွင် ဖော်ပြထားသည့် ပြည်နယ်စာရင်းပါ ကဏ္ဍများတွင် ဥပဒေပြုနိုင်သည်။ သို့သော် ထိုသို့သော ဖြစ်ရပ်တွင် ပါလီမန်က ထောက်ခံမဲ ၃ ပုံ ၂ ပုံ ရရှိရန် လိုအပ်သည်။ ထို့ပြင် အခြေခံဥပဒေ ပုဒ်မ ၂၄၉၊ ၂၅၀၊ ၂၅၂ နှင့် ၂၅၃ တို့ပါ ပြည်နယ်များနှင့် သက်ဆိုင်သော ကိစ္စများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက ဥပဒေပြု ခွင့်ရှိသည်။ အပြိုင် ဥပဒေပြုစာရင်း (concurrent list) အပြိုင် ဥပဒေပြုစာရင်း ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကရော၊ ပြည်နယ်လွှတ်တော် ကပါ ဥပဒေပြုနိုင်သည့် ကဏ္ဍများ ဖြစ်သည်။ ၎င်းစာရင်းတွင် ယခင်က ၄၇ မျိုးသာ ရှိသော်လည်း ယခုအခါ ၅၂ မျိုး ရှိသည်။ ၎င်းတို့မှာ လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်း၊ စိုက်ပျိုးမြေမှအပ ဖြစ်သော ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း၊ ပညာရေး၊ ကန်ထရိုက်စာချုပ်စာတမ်း၊ အကြွေးမဆပ်နိုင်ခြင်းနှင့် ဒေဝါလီ ခံခြင်း၊ ယုံကြည်လွှဲအပ်ခြင်းဆိုင်ရာ ကိစ္စ၊ မြို့ပြဆိုင်ရာ လုပ်ငန်းများ၊ တရားရုံး မထီမဲ့မြင်ပြုမှု၊ စားသောက်ကုန်ပစ္စည်း တုပခြင်း၊ မူးယစ်ဆေးဝါးနှင့် အဆိပ်၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စီမံကိန်း၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမား သက်သာချောင်ချိရေး၊ လျှပ်စစ်၊ သတင်းစာ၊ စာအုပ်နှင့် ပုံနှိပ်ထုတ်ဝေခြင်း၊ တံဆိပ်ခေါင်းခွန် စသည်တို့ ပါဝင်သည်။ ကြွင်းကျန်သော ကဏ္ဍ (Residual subjects) အထက်ပါ ဥပဒေပြုစာရင်း ၃ ခုတွင် ဖော်ပြမထားသော ကဏ္ဍများကို ကြွင်းကျန်ကဏ္ဍ (Residual subjects) ဟု ခေါ်သည်။ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်အရဆိုလျှင် အဆိုပါ ကြွင်းကျန်ကဏ္ဍများနှင့် ပတ်သက်သောကိစ္စများကို ဥပဒေပြုရေးမှာ ပါလီမန်၏ လုပ်ပိုင်ခွင့်အာဏာ ဖြစ်နိုင်သလို ပြည်နယ်ဥပဒေပြုလွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာလည်း ဖြစ်နိုင်ပြီး ပြဿနာအလိုက် မည်သို့ ခွဲခြားရမည် ဆိုသည်ကို ပုဒ်မ ၂၄၅ တွင် ပြဋ္ဌာန်းထားသည်။ ဥပဒေပြုစာရင်း ၃ ခုတွင် ပါရှိသော ကဏ္ဍများ ချဲ့ထွင်တိုးဖြည့်ခြင်း၊ ပြင်ဆင်ခြင်းများနှင့် ပတ်သက်၍ ပုဒ်မ ၃၆၈ တွင် ပေးထားသည့် အခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်အာဏာ (Constituent power) ရှိသော ပါလီမန်က ပြည်နယ်အများစု၏ အတည်ပြုချက်ဖြင့် လုပ်ပိုင်ခွင့် ရှိသည်။ ဖက်ဒရယ်စနစ်မှာ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံပုံသဏ္ဌာန်ဖြစ်သဖြင့် ပါလီမန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခွင့်အာဏာ (Constituent power) ဖြင့် အခြေခံဥပဒေကို ပြောင်းပြန်လှန်ပစ်ရန် သို့မဟုတ် ဖျက်ဆီးပစ်ရန်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရေးဆိုင်ရာ စီရင်သုံးသပ်မှု (Judicial review ) မပါဘဲ မဖြစ်နိုင်ပေ။ အုပ်ချုပ်မှုရေး အာဏာ ပြည်ထောင်စုနှင့် ပြည်နယ်များသည် သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးယန္တရားများ ရှိကြသည်။ ဥပဒေပြုကိစ္စများတွင်ကဲ့သို့ပင် အုပ်ချုပ်ရေးကိစ္စများတွင်လည်း ဗဟိုအစိုးရသည် ပြည်နယ်အစိုးရ၏ အခြေခံဥပဒေဆိုင်ရာအခွင့်အရေး၊ လုပ်ပိုင်ခွင့်အာဏာများကို (ပြည်နယ်တခု အတွင်း နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်ခြင်းမှလွဲ၍) ချေဖျက်ခွင့် မရှိချေ။ အခြေခံဥပဒေပုဒ်မ ၃၅၅ တွင် ပြဋ္ဌာန်းထားချက်များအတိုင်း ပြည်နယ် အစိုးရတိုင်းက လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စုတွင် တာဝန်ရှိသည်။ အခြေခံဥပဒေပုဒ်မ ၂၅၆ က ပြည်နယ်အစိုးရများသည် ဗဟိုကချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများကို ဆန့်ကျင်ဆောင်ရွက်ခြင်း မပြုရဟု တားမြစ်ထားသည်။ အကယ်၍ ပြည်နယ်တခုသည် အခြေခံ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပုဒ်မ ၃၅၆ အရ သမ္မတသည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ပြီး အဆိုပါပြည်နယ်၏ အုပ်ချုပ်ရေးအာဏာအရပ်ရပ်ကို ပါလီမန်၏ သဘောတူချက်ဖြင့် အုပ်ချုပ်သွားရမည်ဟု ပုဒ်မ ၃၅၇ က ဆိုလေသည်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ  အခြေခံဥပဒေပုဒ်မ ၂၈၂ အရ ပြည်နယ်လူထုအတွက် ပြည်နယ်တွင်း ရရှိနိုင်သည့် ဘဏ္ဍာရေးအရင်းအမြစ်များနှင့် သုံးစွဲမှုတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ပုဒ်မ ၂၉၃ အရ ပြည်နယ်များသည် အိန္ဒိယနိုင်ငံ၏ နယ်နိမိတ်အတွင်း ကန့်သတ်ချက်မရှိ လွတ်လပ်စွာ ချေးယူခွင့် ရှိသည်။ သို့သော်လည်း ပြည်နယ်တခုသည် အိန္ဒိယဗဟိုအစိုးရရန်ပုံငွေမှ ဖြစ်စေ၊ ဗဟိုအစိုးရ အာမခံချက်ဖြင့် ဖြစ်စေ ထူးခြားသော ချေးငွေများ ချေးယူခဲ့လျှင် ဗဟိုအစိုးရသည် သူ၏ ချေးငွေကာလကို လျှော့ပေါ့လိုက်နာရန် တိုက်တွန်းနိုင်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် ငါးနှစ်လျှင် တကြိမ် ဘဏ္ဍာရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး အခြေခံဥပဒေပုဒ်မ ၃၆၀ အရ၊ နိုင်ငံတော်သမ္မတသည် နိုင်ငံတော် သို့မဟုတ် နိုင်ငံတော်၏ အစိတ်အပိုင်း တရပ်ရပ်တွင် ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုကို ခြိမ်းခြောက်ခံလာရပါက ဘဏ္ဍာရေး အရေးပေါ်အခြေအနေ (Financial emergency) ကြေညာနိုင်သည်။ သို့သော်လည်း ယနေ့ထက်တိုင် ဘဏ္ဍာရေး အရေးပေါ်အခြေအနေ ဆိုသည်နှင့် ပတ်သက်၍ ဘဏ္ဍာရေးကော်မရှင်ကသော် လည်းကောင်း၊ ဗဟိုအစိုးရကသော် လည်းကောင်း ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လမ်းညွှန်ချက် မရှိသေးချေ။ ထိုသို့သော အရေးပေါ်အခြေအနေကို ပါလီမန်က သာမန်အများစုမဲဆန္ဒဖြင့် နှစ်လအတွင်း အတည်ပြုရမည်ဖြစ်ပြီး  ဘဏ္ဍာရေး အရေးပေါ် အခြေအနေ ပြီးဆုံးကြောင်း သမ္မတက မကြေညာသ၍ သက်ရောက်နေမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဘဏ္ဍာရေး အရေးပေါ်အခြေအနေတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဗဟိုတရားရုံးများ၏ တရားသူကြီးများ အပါအဝင် အစိုးရဝန်ထမ်း အားလုံး၏ လစာများကို လျှော့ချနိုင်ခွင့်ရှိသည်။ ပြည်နယ် ဥပဒေပြုလွှတ်တော်သို့ တင်သွင်းမည့် ငွေကြေးဆိုင်ရာ ဥပဒေကြမ်းမှန်သမျှ သမ္မတ၏ အတည်ပြုချက်ရယူရန် လိုအပ်သည်။ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အခြေခံစည်းမျဉ်းများကို လိုက်နာရန်လည်း သမ္မတက ပြည်နယ်သို့ ညွှန်ကြားနိုင်သည်။ အငြင်းပွားမှုများကို ဖြေရှင်းခြင်း ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်များ၏ ဥပဒေများကို ချိုးဖောက်မှုမဖြစ်စေဘဲ အချင်းချင်းအကြား သဘောတူညီချက်များ ပြုလုပ်နိုင်သည်။ ပြည်နယ်တခုသည် အခြား ပြည်နယ်တခုနှင့် ဖြစ်စေ၊ အခြားပြည်နယ်များနှင့် ဖြစ်စေ၊ အခြားပြည်ထောင်စု နယ်မြေတခုနှင့် ဖြစ်စေ၊ ဗဟိုအစိုးရနှင့်ဖြစ်စေ အငြင်းပွားမှု ဖြစ်ပွါးပါက အခြေခံဥပဒေပုဒ်မ ၁၄၁ အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကို ခံယူရမည်။ သို့သော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ပိုင်ခွင့်တွင် ပြည်နယ်များအကြား မြစ်ရေကို ထိန်းချုပ် ခွဲဝေသုံးစွဲခြင်းနှင့် ပတ်သက်သည့် အငြင်းပွားမှုကို ပုဒ်မ ၂၆၂ အရ ဖယ်ထုတ်ထားသည်။ အကြောင်းမှာ အဆိုပါ အငြင်းပွားမှုမျိုးနှင့် ပတ်သက်၍ ဖြေရှင်းရန် ပြဋ္ဌာန်းထားသော Interstate River Water Disputes Act, 1956 ဥပဒေ ရှိပြီးဖြစ်သောကြောင့် ဖြစ်သည်။  အခြေခံဥပဒေပုဒ်မ ၂၆၃ အရ သမ္မတသည် ပြည်နယ်အချင်းချင်းအကြား ဖြစ်စေ၊ ပြည်ထောင်စုနှင့် ဖြစ်စေ ဖြစ်ပွားသည့် အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် ပေါ်လစီမူဝါဒများကို ပိုမိုကောင်းမွန်စွာ ကျင့်သုံးနိုင်စေရန် ပြည်နယ်များ ညှိနှိုင်းရေးကောင်စီကို ဖွဲ့စည်းနိုင်သည်။ အမေရိကန် ဖက်ဒရယ်စနစ်နှင့် အိန္ဒိယ ဖက်ဒရယ်စနစ်တို့ နှိုင်းယှဉ်ချက်
အမေရိကန်ပြည်ထောင်စု                           အိန္ဒိယနိုင်ငံ
ပြည်နယ်တခုသည် ပြည်ထောင်စုမှ ခွဲထွက်ခွင့်မရှိ ပြည်နယ် သို့မဟုတ် ပြည်နယ်များသည် ပုဒ်မ ၃၅၆ အရ ပါလီမန်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုမှ ခွဲထွက်နိုင်သည်။ နယ်မြေဒေသ တည်တံ့ခိုင်မြဲရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများ၏ အစိတ်အပိုင်း မဟုတ်ချေ။ ၉ ကြိမ်နှင့် ၁၀၀ ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ချက်အရ ဘင်္ဂလားဒေ့ရှ်သို့ နယ်မြေခွဲပေးခဲ့ရသည်။
ကွန်ဂရက်နှင့်သက်ဆိုင်ရ ပြည်နယ်၏ သဘောတူညီ ချက်  မပါဘဲ ပြည်နယ်ချင်း ပူးပေါင်းခြင်းနှင့် ခွဲစိတ်ခြင်းကို ခွင့်မပြု။ အခြေခံဥပဒေက ပြည်နယ်အချင်းချင်း ပူးပေါင်းခြင်းကိုသော် လည်းကောင်း၊ ပြည်နယ်တခုမှ ပြည်နယ်အများ ခွဲစိတ်ခြင်းကို သော် လည်းကောင်း ခွင့်ပြုသည်။
ပြည်ထောင်စု၏ဦးသျှာင် (သမ္မတ)ကို နိုင်ငံသားများ က သွယ်ဝိုက်သောနည်းဖြင့် (ရွေးချယ်တင်မြှောက်ရေး အဖွဲ့မှတဆင့်) ရွေးကောက် တင်မြှောက်သည်။ ဤသည်မှာ သမ္မတ ရွေးချယ်ရေးဆိုင်ရာ ဒီမိုကရေစီ ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးသျှောင်(ဝန်ကြီးချုပ်)သည် အောက် လွှတ်တော်တွင် အမတ်အရေအတွက် အများစုဖြင့် အနိုင်ရသော ပါတီ၏ခေါင်းဆောင်ဖြစ်ပြီး ပြည်သူလူထုက တပြည်လုံး အတိုင်းအတာဖြင့် ရွေးကောက် တင်မြှောက်ထားသူ မဟုတ်ဘဲ အောက်လွှတ်တော် မဲဆန္ဒနယ်တခုခုမှ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်နိုင်သလို ပြည်နယ်များကောင်စီ အဖွဲ့ဝင် အဖြစ် သွယ်ဝိုက်သောနည်းအားဖြင့် ရွေးကောက်တင်မြှောက်ခံရ သူလည်း ဖြစ်နိုင်သည်။
ပြည်နယ်များအတွင်း အလုပ်သမားနှင့် ကုန်စည်များ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိသည်။ ပုဒ်မ ၃၀၁ နှင့် ၃၀၃ အရ ပြည်နယ်များအတွင်း အလုပ်သမားနှင့် ကုန်စည်များ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိသည်။ ပြည်နယ်များအကြား ရွှေ့ပြောင်းအလုပ်သမားများ အက်ဥပဒေ ၁၉၇၉ အရ ရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးထားသည်။
တခုတည်းသော ငွေကြေးစနစ်၊ တခုတည်းသော နိုင်ငံခြား ရေးမူဝါဒနှင့် ဖက်ဒရယ် အစိုးရ ထိန်းချုပ်မှုအောက်ရှိ ဘုံလက်နက်ကိုင်တပ်ဖွဲ့များရှိသည်။ တခုတည်းသော ငွေကြေးစနစ်၊ တခုတည်းသော နိုင်ငံခြားရေး မူဝါဒနှင့် ဖက်ဒရယ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ ဘုံလက်နက်ကိုင် တပ်ဖွဲ့ များ ရှိသည်။
ပြည်နယ်တိုင်းသည် အခြေခံဥပဒေအရ သတ်မှတ်အခွန် စည်းကြပ်ကောက်ခံခွင့်၊ ချေးငှားခွင့် ရှိသည်။ ပြည်နယ်တိုင်းသည် အခြေခံဥပဒေအရ သတ်မှတ်အခွန် စည်းကြပ် ကောက်ခံခွင့်၊ ချေးငှားခွင့် ရှိသည်။ ပြည်ထောင်စု အစိုးရ၏ အခွန် တစိတ်တပိုင်းကို ပြည်နယ်လူထုအကျိုးအတွက် ခွဲဝေပေးသည်။
အများအားဖြင့် ပြည်သူလူထုသည် ဘာသာစကားတမျိုး ထည်းကိုသာ ပြောပြီး ဘာသာရေးမဖက်သောအခြေခံဥပဒေအောက်တွင် ဘာသာတမျိုးတည်းသာ ကိုးကွယ်ကြသည်။ ဘာသာရေးမဖက်သော အခြေခံဥပဒေအောက်တွင် ဘာသာစကားမျိုးစုံ ပြောသော လူမျိုးပေါင်းစုံက ဘာသာမျိုးစုံ ကိုးကွယ်ကြသည်။
အလွန်ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတပုံ ရှိသည်။ အလွန်ရှည်ကြာသည့် သက်တမ်းရှိသော ဓလေ့ထုံးစံ ကျင့်ဝတ်နှင့် စာနာရိုင်းပင်းမှုတို့အောက်တွင် ဒီမိုကရေစီစနစ်သည် ငြိမ်းချမ်းစွာ ရှင်သန်သည်။
အလွန်ကျွမ်းကျင်သော အုပ်ချုပ်ရေးသမားများနှင့် နှစ်မြှုပ် လုပ်ကိုင်သော ဥပဒေပြုသူများ ရှိသည်။ အရည်အချင်း နိမ့်ကျပြီး အကျင့်ပျက်သော အုပ်ချုပ်ရေးသမားနှင့် ဥပဒေပြုသူများက တရားစီရင်ရေးကို ၎င်းတို့၏ ထိန်းချုပ်မှုအောက် ဆွဲသွင်းကာ သို့မဟုတ် အတိုက်အခံတို့ အုပ်ချုပ်သောပြည်နယ် အစိုးရများကို အခြေခံဥပဒေနှင့် မညီသောနည်းလမ်းများဖြင့် ဖြုတ်ချရန် အားထုတ်လေ့ရှိသည်။
အဆင့်အတန်းမြင့်၍ လျင်မြန်သွက်လက်သော တရားစီရင်ရေးစနစ် ရှိသည်။ အဆင့်အတန်းမပြည့်မီ၊ နှေးကွေးသော တရားစီရင်ရေးစနစ် ရှိသည်။
နိဂုံးချုပ်အားဖြင့် ပြောရလျှင် အိန္ဒိယအခြေခံဥပဒေသည် အားကောင်းသော ဗဟိုအစိုးရ ရှိသည့် ဖက်ဒရယ်စနစ်တခု ဖြစ်ပါသည်။ မတူ ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုး အများအပြားအကြားတွင် စည်းလုံးညီညွတ်မှုနှင့် တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းထားနိုင်ရန်မှာ အင်အားကောင်းသော ဗဟိုတရပ်ရှိဖို့လိုအပ်သည်ဟု ယူဆသောကြောင့် ဖြစ်ပေသည်။ ဧရာမလူဦးရေရှိသည့် နိုင်ငံတခု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အင်အားကောင်းသော ဗဟိုတရပ်ရှိဖို့ လိုပါသည်။ အခြေခံဥပဒေကို စတင်ရေးဆွဲခဲ့သူများက ပြည်နယ်များအနေဖြင့်လည်း ခွဲဝေပေးအပ်ထားသည့် ကဏ္ဍများတွင် လွတ်လပ်စွာဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အစိုးရများ အချင်းချင်း အတိုက်အခံဖြစ်သည်ထက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆန္ဒရှိခဲ့ကြပါသည်။ လက်ရှိအိန္ဒိယဝန်ကြီးချုပ် မိုဒီက “States are King” ပြည်နယ်တွေက ဘုရင်ပါပဲ။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် တည်မှီနေပြီး ဒါက ကျနော်တို့နိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်ပုံကို ပိုမိုအားကောင်းစေပါလိမ့်မယ်” ဟု ပြောလိုက်ခြင်းဖြင့် ပြည်နယ်များတွင် လုပ်ပိုင်ခွင့်အာဏာများ ပိုမိုရရှိလာလိမ့်မည်ဟု မျှော်လင့်ရပေသည်။ ရဲထွန်း (သီပေါ) စာကိုး : Wikipedia မှ Federalism in India ကို အဓိက မှီငြမ်းကိုးကားသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up