DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်က ရေဘေးဒုက္ခသည် မြန်မာအလုပ်သမားအချို့ အကူအညီမရ
DVB
·
November 4, 2011
ဘန်ကောက်က ရေဘေးဒုက္ခသည် မြန်မာအလုပ်သမားအချို့ အကူအညီမရ
Donate to DVB

ဘန်ကောက်မြို့ ထ၀ီဝတ်ထနာခေါ် စနမ်းမလွမ် ၂ ရပ်ကွက်ဇုန် မြန်မာ​ အလုပ်သမားတွေဟာ ရင်ခေါင်းလောက် ​ရေ​မြုပ်နေတဲ့ တိုက်တွေပေါ်မှာ ၅ ရက်​​ကြာ​ ​ရေပတ်လည် ၀ိုင်းခံနေရပြီး​ ​ရေ​ဘေး​ အကူအညီမရ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အထည်ချုပ်​ အလုပ်သမား ကိုဝင်းနိုင်က “အလုပ်ရှင်ကတော့ ပိုက်ဆံလည်း မပေးပါဘူး။ ကျနော်တို့က ပုတ်ပြတ်ထုတ်တာဆိုတော့ သူလည်း ဘဏ်တွေပိတ်တာနဲ့ ရေကြီးလို့ အထည်တွေ သွားမပို့ ရတာနဲ့ အဲဒီလိုအကြောင်းပြချက်တွေနဲ့ မရှင်းပေးနိုင်သေးဘူး ဖြစ်နေတယ်။ သူပေးထားတာက သောက်ရေတမျိုးတည်း။ ဟိုတုန်းကတော့ ပေးတာပေါ့။ အခုဟာ ဘာမှမပေးတော့ဘူး။ ရေပါဖြတ်တယ်၊ အလုပ်လစာ တလစာလည်း မပေးသေးဘူး။ အဲလိုအခက်အခဲတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြည်တွင်းပြည်ပက ပို့ပေးတဲ့ အသုံးအဆောင် ရိက္ခာအထုတ်တွေကို ထိုင်း လက်ရှိ အစိုးရပါတီဝင်တချို့က သူတို့ ပါတီခေါင်းဆောင်က ပေးတာဆိုပြီး ဆိုင်းပုဒ်တွေ ကပ်နေတဲ့အမှု၊ အစိုးရကိုထောက်ခံတဲ့ အသိုင်းအ၀ိုင်းက သူတို့ လူထုကိုပဲ ဦးစားပေးနေတဲ့အမှု စတာတွေ တချို့နေရာတွေမှာ ဖြစ်နေတဲ့ သတင်းကြောင့် ဒီမသမာမှုနဲ့ မမျှတမှုတွေ မဖြစ်အောင် အိမ်ထောင်စု စာရင်းအရ လိုက်လံကူညီနေတဲ့စနစ်ကို ကျင့်သုံးနေတယ်လို့ ထိုင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေကြောင့် ထိုင်းနိုင်ငံသား မှတ်ပုံတင်မရှိတဲ့ မြန်မာ အလုပ်သမားတွေဟာ ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီကို မရနိုင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“စားစရာလာဝေတဲ့ စစ်သားတယောက်က နိုင်ငံသားမှတ်ပုံတင် ရှိမှ ပေးမယ်ပေါ့။ နိုင်ငံသားမှတ်ပုံတင်ဆိုတော့ ဗမာပြည်သားတွေမှာ ဘယ်က ရှိရမှာလဲ။”

ဘန်ကောက် အခြေစိုက် မြန်မာအဖွဲ့အစည်းတွေ အနေနဲ့လည်း ချက်ချင်း အကူအညီပေးဖို့ ကြိုတင် ဘတ်ဂျက်တွေ ရှာဖွေထားတာ မရှိကြတာကြောင့် မြန်မာဒုက္ခသည်တွေကို ထိုင်း ရေဘေးကူညီရေးအဖွဲ့တွေက အကူအညီပေးဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားနေကြတယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်း-မြန်မာ အသင်းက တာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။

“အလုပ်သမားတွေက မနေ့ ညကစပြီး ကျနော်တို့ဆီကို အကူအညီ တောင်းတယ်။ ကျနော်တို့ ကယ်ဆယ်ရေးစခန်းတွေကို လှမ်းပြီး အကူအညီ တောင်းထားတယ်။”

ဘန်ကောက်မြို့ ထ၀ီဝတ်ထနာ ခေါ် စနမ်းမလွမ် ၂ ရပ်ကွက်ဇုန်က မြန်မာ အလုပ်သမားတွေဟာ မြန်မာသံရုံးက အကူအညီပေးနေတဲ့ နခေါင်ပထုံက ၀ပ်ရိုက်ခင် ရေးဘေးစခန်းကို သွားချင်ပေမယ့် ရေပတ်လည် ၀ိုင်းနေတဲ့အတွက် သွားမရ ဖြစ်နေကြပါတယ်။

မြန်မာသံရုံးက အင်တာနက်စာမျက်နှာမှာ အတိအလင်း ကြေညာထားတဲ့ ဖုန်းနံပါတ် ၅ လုံး​ စလုံးကို အကြိမ်ကြိမ်​ ​ကြိုးစား ခေါ်ယူရာမှာလည်း ဖုန်းမကိုင်ဘူး​လို့​​ ​မြန်မာအလုပ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013