
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီကျောက်စိမ်းမော်မှာ အောက်တိုဘာ ၂၉ ရက်ည ၈ နာရီအချိန်မှာ စွန့်ပစ်မြေစာပုံ ပြိုကျရာကနေ ရေမဆေးကျောက်ရှာသူ အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။
မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီးနမ္မချီ ကျောက်စိမ်းမှော်သစ် မြန်မာ့စိမ်းလဲ့အောင် ကုမ္ပဏီအောက်ခြေမှာ ကုမ္ပဏီလုပ်သား လင်းထိုက် ခေါ် လင်းလင်းက ရေမဆေးကျောက် ရှာဖွေနေခဲ့တယ်လို့ ဆိုပါတယ်။
ရှာဖွေနေစဉ်မိုးရွာသွန်းတဲ့အတွက် ရေမဆေးကျောက်ရှာသူ လင်းလင်းရဲ့ ပေ ၅၀ ခန့်အကွာ ကမ်းပါးမြေစာပုံပြိုကျရာမှ ကျောက်တုံးတွေ ရိုက်ဖိမိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မော်ဟန်ရဲကင်းစခန်းမှ ရဲအုပ်သိန်းဇော်က တရားလိုပြုလုပ်တိုင်ကြားကာ မိုးညှင်းခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မိုးညှင်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်၂၀/၂၀၁၆ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမင်းမင်း










