အီးမေးလ်စစ်ဆေးမည့်ကိစ္စ သမ္မတလောင်း ဟီလာရီ အက်ဖ်ဘီအိုင်ကို ဝေဖန်

ဓာတ်ပုံ - kwch
သမ္မတလောင်း ဟီလာရီ ကလင်တန်က အက်ဖ်ဘီအိုင် (အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့) ညွှန်ကြားရေးမှူး ဂျိမ်းစ်ကမ္မီရဲ့ ဆောင်ရွက်ချက်တွေဟာ ဒုက္ခပေးလွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၁၀ ရက်ပဲ လိုတော့တဲ့ အချိန်ကျမှ အက်ဖ်ဘီအိုင်က သူ နိုင်ငံခြားရေးဝန်ကြီးဘ၀မှာ ရုံးအီးမေးလ်မသုံးဘဲ ကိုယ်ပိုင် အီးမေးလ်ဆာဗာကို အသုံးပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြန်လည်စစ်ဆေးဖို့ စာပို့ထားတဲ့ကိစ္စကို ပြည့်ပြည့်စုံစုံ ရှင်းပြပေးဖို့လည်း ဟီလာရီက ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဟီလာရီကို တရားမစွဲဖို့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အက်ဖ်ဘီအိုင်က ဆုံးဖြတ်ပြီးမှ အခုလို ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ ပြန်စစ်ဆေးဖို့ လုပ်တာဟာ အတော်ထူးဆန်းတဲ့ ကိစ္စပဲလို့ ဖလော်ရီဒါမှာ မဲဆွယ်ဖို့ ရောက်နေတဲ့ ဟီလာရီက ဆိုပါတယ်။ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်အတွက်က ဒီကိစ္စဟာ အသုံးချဖို့ ဖြစ်လာပြီး ဟီလာရီဟာ ရာဇ၀တ်မှုမြောက်တဲ့ အပြုအမူတွေကို စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်လို့ ယုံကြည်မှုနဲ့ ထိုက်တန်သူ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။ အက်ဖ်ဘီအိုင်ဘက်ကတော့ နောက်ထပ် စုံစမ်းမှုတွေ လုပ်မယ်ဆိုတာလောက်ပဲ အကြောင်းကြားထားပြီး အသေးစိတ်ကိုတော့ မပြောသေးပါဘူး။ လောလောဆယ်မှာတော့ ဟီလာရီဟာ ရွေးကောက်ပွဲကျရင် အကြိတ်အနယ် ရှိနိုင်တဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဖလော်ရီဒါမှာ မဲဆွယ်နေပါတယ်။ လေ့လာသူတွေရဲ့ ခန့်မှန်းချက်အရ ဖလော်ရီဒါမှာ ထရမ့်နိုင်မှပဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရဖို့ မျှော်လင့်ချက် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီရက်သတ္တပတ်တွေအတွင်းမှာ လူထုစစ်တမ်းတွေအရ ထရမ့်က ဟီလာရီကို ရှုံးနေပါတယ်။

More News
Up