Home
မြန်မာသတင်း
အဆင်သင့်ဖြစ်သည့် ပြည်နယ်တိုင်းတို့တွင် နိုင်ငံရေးဆွေးနွေးပွဲများ စမည်
DVB
·
October 30, 2016
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အဆင်သင့်ဖြစ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ စတင်ကျင်းပသွားမယ်လို့ အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး က ဆုံးဖြတ်ခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ‘‘အားလုံးဆွေး နွေးတဲ့ရလဒ်က ဒီနေ့မှာဆိုရင် ဆုံးဖြတ်ချက် ကိုးချက်နဲ့ မှတ်တမ်းခုနစ်ချက်ကို အောင်မြင်စွာရရှိလာခဲ့ပါပြီ။ အထူးသဖြင့် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေသွားရမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်ကို အခုတော်တော်များများ ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် ရှေ့ခြေလှမ်းကို တိုးနိုင်ခဲ့ပြီဖြစ်ပါတယ်’’လို့ ပြောပါတယ်။ UPDJC အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ၂ ရက်ကြာပြုလုပ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု အဆင့်ဆင့် ပုံစံ(Structure)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ၊ လူမျိုး အလိုက် ကျင်းပသော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ ဒေသအလိုက် ကျင်းပသော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အကြောင်းအရာ အလိုက်ဆွေးနွေး သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ လုပ်ငန်းလမ်းညွှန်၊ UPDJC လုပ်ငန်းလမ်းညွှန်၊ UPDJC အတွင်းရေးမှူး အဖွဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းကော်မတီများ လုပ်ငန်း လမ်းညွှန်၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံ၊ ပထမ အကြိမ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များမှာ ဆွေးနွေးမယ့် ခေါင်းစဉ်ခွဲများကို ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို နိုဝင် ဘာလမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ စည်းဝေးပွဲ ပထမနေ့က ပြောကြားထားပါတယ်။ ဒီအတောအတွင်း အန်စီအေ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ အပစ်မရပ်တပ်ဖွဲ့တွေအနေနဲ့ အန်စီအေမှာ ပါဝင်လက်မှတ်ထိုးမှ နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ကြရမှာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးဖို့ အချိန်မဆွဲကြပါနဲ့လို့ ထုတ်ပြောထားပါတယ်။ ဓာတ်ပုံ - ဦးလှမောင်ရွှေ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024