DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ သင်ခန်းစာ ပို့ချပေးရန် တိုက်တွန်းမည်
DVB
·
October 29, 2016
စာသင်ကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ သင်ခန်းစာ ပို့ချပေးရန် တိုက်တွန်းမည်
Donate to DVB

 

စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာသင်ခန်းစာ ပို့ချပေးဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ အမျိုးသမီးအဖွဲ့ ၃ ခုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျား၊ မ တန်းတူညီမျှမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ အကြမ်းဖက်မှုတွေ ဆက်နွှယ်ပတ်သက်မှု သုတေသနစာတမ်း အနှစ်ချုပ် မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၈ ရက်က ရန်ကုန်မြို့ Novotal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီသုတေသနပြုလုပ်မှုကို အခရာအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြန်မာပို့စတစ်အမျိုးသမီးအဖွဲ့တို့ကနေ ဆောင်ရွက်ခဲ့တာပါ။

တွေ့ရှိချက်တွေအရ ကျား၊ မ ခွဲခြားဆက်ဆံခံရမှုတွေကို အသိပညာပေးဖို့၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေအတိုင်း မြန်မာအမျိုးသမီးတွေ လိုက်နာနေမှုတွေကို ကျောင်းသင်ခန်းစာတွေကနေ သင်ကြားပေးဖို့ တိုက်တွန်းသွားမယ်လို့ အခရာ အမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်ထားထားက ပြောပါတယ်။

“ကျောင်းတွေမှာ sex education ပေးတဲ့အခါကျတော့ ကျောင်းဆိုတာ နေရာဒေသတိုင်းကို လွှမ်းခြုံတယ်။ ကျောင်းကနေ အခြေခံစတယ်ဆိုရင် ဘယ်သူမှ မလုပ်ဘူးပေါ့နော်။ ဘယ်သူမှ မလုပ်ဘဲနဲ့ ငယ်ရွယ်ရင် ငယ်ရွယ်သလို သူ့အဆင့်အတန်းအလိုက် ပေးသွားမယ်ဆိုရင် မြန်မာတနိုင်ငံလုံးမှာ လာမယ့်တချိန်ချိန်မှာတော့ အားလုံးက ဒီပညာတွေကို သိသွားမှာ ဖြစ်တယ်။ အဲဒီအခါကျမှ စောစောကပြောတဲ့ အယူအဆဟောင်းတွေကို တဖြည်းဖြည်းချင်း တကယ့်အသိအမှန်၊ အမှန်သိလာရင် မှားတဲ့အယူအဆတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။”

မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကို ရှက်စရာအဖြစ် သတ်မှတ်ထားတာကြောင့် မိဘအုပ်ထိန်းသူတွေ၊ အစိုးရဝန်ကြီးဌာနတွေကို အရင် ပညာပေး ပြောဆိုရမယ်လို့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာမှာ ရှေးအစဉ်အလာတွေအရ ယောက်ျားတွေဟာ မိန်းမတွေထက် မြင့်မြတ်တယ်လို့ မှတ်ယူထားပြီး အမျိုးသားတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကိစ္စတွေသာမက မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း လွှမ်းမိုးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မော်မော်က “ကျမတို့ သုတေသနပြုတဲ့ စစ်တမ်းအရ အမျိုးသမီးလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးဆိုပြီး တန်ဖိုးထားရမယ်ဆိုတာကို မသိတာတွေကို ကျမတို့ တွေ့နေရတယ်။ ကျမတို့ မီးမောင်းထိုးပြချင်တာက အခု မြန်မာပြည်မှာ ရှိနေတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းလေးတွေမှာဆိုရင် အမျိုးသမီးပုံကို ဆွဲပြလိုက်တာနဲ့ အဲဒီကလေးတွေက အမျိုးသမီးဟာ ဘယ်ဟာ ဘယ်လို၊ ဘယ်ဟာကို ထိန်းသိမ်းစောင့်ရှောက်ရမလဲ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် သင်ပေးထားတဲ့ ကိုယ်ပိုင်ကျောင်းလေးတွေ ရှိတယ်ပေါ့နော်။ အဲဒီကနေ ကျမတို့က နည်းလမ်းယူပြီးတော့ ကျမတို့ အစိုးရကျောင်းတွေမှာလည်း သင်ရိုးညွှန်းတမ်းတခုအနေနဲ့ သင်ပေးဖို့ တိုက်တွန်းနှိုးဆော်ပါတယ်” လို့ ပြောပါတယ်။

သုတေသနကို ရန်ကုန်၊ တောင်ငူ၊ မကွေးမြို့တွေမှာ တဦးချင်းစီ တွေ့ဆုံမေးမြန်းမှု ၄၀၊ အုပ်စုဖွဲ့ ဆွေးနွေးမှု ၆ ခုနဲ့ အင်တာဗျူး ဖြေကြားသူ ၁၂ ဦးကို မေးမြန်းခဲ့တာပါ။

သုတေသနလုပ်ဆောင်ရာမှာ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးတွေ၊ အပျိုစင်ဘဝ၊ မျိုးပွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ မီးဖွားခြင်း အပါအဝင် ကိုယ်ခန္ဓာနဲ့ ရာသီလာခြင်း စတဲ့ အကြောင်းအရာတွေကို စစ်တမ်းပြုစုခဲ့တာပါ။

စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013