ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုဝင်ဘာတလလုံး မဲစာရင်းကောက်မည်
DVB
·
October 29, 2016
၂၀၁၇ ခုနှစ်၊ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို နိုဝင်ဘာ တလလုံး တအိမ်တက်ဆင်း ကောက်ယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
နိုဝင်ဘာ ၁ ရက်ကစပြီး နိုဝင်ဘာတလလုံး မဲစာရင်းကောက်ယူသွားမှာဖြစ်လို့ မဲဆန္ဒရှင်များအနေနဲ့ လိုအပ်သော တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်း တို့ပြုလုပ်ပြီး ၀ိုင်းဝန်းပူးပေါင်းကူညီကြရန် ရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံ အသိပေး ကြေညာလိုက်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မြို့နယ် ၂၂ ခုမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တအိမ်တက်ဆင်း မဲစာရင်းကောက်ယူမှာဖြစ်ပြီး ကောက်ယူရရှိတဲ့ မဲစာရင်းတွေကို ဒီဇင်ဘာ ၁ ရက်ကနေ ၁၄ ရက်အထိ ကော်မရှင်တွေမှာ ကပ်ထားပေးမှာ ဖြစ်ပါတယ်။
အဲ့ဒီလို ကပ်ထားပြီး ကြေညာပေးချိန်မှာလည်း မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ ခုနှစ် မဲစာရင်းအား အခြေခံပြီး ပြင်ဆင်ခြင်း/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများကို နိုဝင်ဘာတလလုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကော်မရှင်က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ ခုအတွက် ရွေးကောက်ပွဲ လုပ်ပေးမှာ ဖြစ်ပါတယ်။