Home
မြန်မာသတင်း
ဇီကာဗိုင်းရပ်စ်အန္တရာယ် အိမ်ထောင်ရှင်များကို ကျန်းမာရေးဝန်ကြီးဌာန သတိပေး
ကျော်ဇေယျာဝင်း
·
October 28, 2016
14581315_1187932901269228_2113918101752873132_n
  ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အစိုးရိမ်မလွန်ကြဖို့နဲ့ ဇီကာဖြစ်ပွားနေတဲ့ နိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံကိုပြန်လာတဲ့ အိမ်ထောင်ရှင်တွေအနေနဲ့ လေးလနဲ့ ခြောက်လကြား စောင့်ကြည့်ပြီးမှ ကိုယ်ဝန်ယူသင့်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြေကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြောဆိုလိုက်တာပါ။ “ခရီးသွားလာတဲ့နေရာကနေ ဗိုင်းရပ်စ်တွေ ကူးစက်မှုရှိနိုင်တဲ့အတွက်ကြောင့် ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေ သွားလာတာကို ဖြစ်နိုင်လို့ရှိရင် ကိုယ်ဝန်ယူမယ်လို့၊ ကိုယ်ဝန်ဆောင်မယ်လို့ Plan လုပ်ထားတဲ့ ဇနီးမောင်နှံတွေ၊ ကိုယ်ဝန်ရှိတဲ့သူတွေ လောလောဆယ် မသွားကြသေးဖို့ မီဒီယာတွေကနေ တိုက်တွန်းပြောဆိုထားတာ ရှိပါတယ်။ မဖြစ်မနေ သွားရမယ်ဆိုလို့ရှိရင်လည်းပဲ အဲဒီနိုင်ငံတွေမှာ ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ ဆိုပြီး ကျနော်တို့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တာ ရှိပါတယ်။ တဖက်ကလည်း အေးဒီစ်ခြင်ကျား ကနေ ရောဂါကူးစက်သလို၊ ရောဂါဖြစ်ပွားတဲ့သူနဲ့ လိင်ဆက်ဆံတဲ့အခါမှာလည်း ရောဂါကူးစက် ပြန့်ပွားမှု ရှိနိုင်တဲ့အတွက်ကြောင့် အမျိုးသားတွေကိုလည်းပဲ ပညာပေးပါတယ်။ အမျိုးသားတွေ လည်းပဲ တက်နိုင်လို့ရှိရင် ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေ သွားလို့ရှိရင် မိမိကိုယ်ကို ခြင်ကိုက် မခံရအောင် နေထိုင်ဖို့လိုတယ်။ တကယ်လို့ ပြန်လာလို့ ရှိရင်လည်းပဲ ကိုယ်ဝန်ကို တတ်နိုင်ရင်တော့ လေးလကနေ ခြောက်လအထိ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေ ဆိုရင် ကိုယ်ဝန်မယူသေးဖို့။ အဲဒီခြောက်လပြီးတော့မှသာလျှင် ကိုယ်ဝန်ဆောင်ဖို့။ ဒီကြားထဲမှာ ခြင်ကိုက်ခံရတယ် ကိုယ့်ကိုယ်ကိုယ်သံသယရှိလို့ရှိရင် အကာအကွယ်နဲ့ လိင်ဆက်ဆံဖို့ စသဖြင့် ဒီနှစ်ခုကို ကျနော်တို့ ဦးစားပေးပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးပညာတွေ တိုးတက်အောင် ဆောင်ရွက်နေပါတယ်။” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအား ရန်ကုန်တွင် တွေ့ရှိတယ်လို့ အောက်တိုဘာ ၂၇ ရက်ညတွင် သတင်းထုတ်ပြန်လိုက်ပြီးနောက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024