DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား
DVB
·
October 27, 2016
မုံရွာမြို့တွင် ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွား
Donate to DVB

မုံရွာမြို့၊ ကံသာဦးရပ်ကွက်၊ သမာဓိလမ်းက နေအိမ်တလုံးမှာ ဒီနေ့မနက်ပိုင်းက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။

အဆိုပါရပ်ကွက်ထဲမှာ မနက် ၇ နာရီအချိန်က လူတဦးဆိုင်ကယ်စီး ထွက်သွားပြီးတဲ့နောက် အိမ်တံခါးပိတ်ပြီး လူခြေတိတ်နေတာကို မသင်္ကာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက လှမ်းအကြောင်းကြားတဲ့အတွက် တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးရာမှာ အိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေသူတွေကို တွေ့ရတာလို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတာကတော့ နေ့လယ်လောက်မှာပါ။ သူက အဲဒီအိမ်မှာ ကနေ့မနက် ၇  နာရီလောက်က  အမျိုးသားတစ်ယောက်က အနက်ရောင်ဆိုင်ကယ်စီးပြီး ထွက်သွားတယ်၊ ခြံဝင်းတွေရော အိမ်တွေရော သော့ပိတ်ပြီးမှ မောင်းထွက်သွားတယ်၊ ပတ်ဝန်းကျင်အနေအထားမသင်္ကာဘူးဆိုပြီး အကြောင်းကြားတယ်၊ ကျနော်တို့လည်း သွားကြည့်တော့ ခြံဝင်းလည်းသော့ခတ်ထားတော့ ခြံစည်းရိုးကနေ ဖြဲဝင်တာပေါ့ဗျာ၊ နောက်ပေါက်ကနေ ပြုတင်းပေါက်ကို ဖွင့်ကြည့်တဲ့ခါကျတော့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးအလောင်းတွေ တွေ့ရတာ၊ ဓားဒဏ်ရာက လည်ကုတ်မှာရော၊ ပါးစပ်မှာရော တယောက်ကို ၃ ချက်စီလောက်ရှိမယ်။”

ဆက်လက်စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူအမျိုးသားမှာ ကိုမောင်ချို (၃၆ နှစ်)၊ အမျိုးသမီးမှာ မထားထားနွယ် ခေါ် မော်မော် ( ၃၇ နှစ်) တို့ဖြစ်ပြီး အဲဒီအိမ်ကို လွန်ခဲ့တဲ့ ၃ လကျော်လောက်မှ ပြောင်းလာကြတာကာ အမျိုးသားက အရောင်းအ၀ယ်၊ အမျိုးသမီးက မှီခိုဖြစ်ပြီး အိမ်နီးချင်းတွေနဲ့ စိမ်းတော့ သူတို့အကြောင်းတွေ သိပ်မသိကြဘူးလို့ ဆိုပါတယ်။

ညနေပိုင်းလောက်မှာတော့ ဆိုင်ကယ်စီးသွားတဲ့လူက ဆိုင်ကယ်ကို အောင်ချမ်းသာ ရပ်ကွက်ထဲမှာ ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း၊ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းမိဖို့  စုံစမ်းဆဲဖြစ်ပြီး  ရဲစခန်းက (ပ) ၇၅၃/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013