မောင်တောအကြမ်းဖက်မှု စုံစမ်းရေးကော်မရှင် ကွင်းဆင်းစစ်ဆေးနေ
DVB
·
October 27, 2016

ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာတွေကို အဖွဲ့ဝင် ၁၁ ယောက်ပါတဲ့ မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို သွားရောက် ကွင်းဆင်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကို စုံးစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၁၁ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကို အောက်တိုဘာ ၂၄ ရက်နေမှာ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးထားတာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တွေဟာ မနေ့ကတော့ မောင်တော အလိုတော်ပြည့် ဘုန်းကျောင်းမှာ အကြမ်းဖက်မှုတွေကြောင့် နယ်မြေစွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ၊ ရပ်မိရပ်ဖတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက “ကျနော်တို့ လေ့လာစုံစမ်းမှုအပိုင်းမှာ ဘယ်လို အကြမ်းဖက်မှုတွေ ဖြစ်လာသလဲ၊ လတ်တလောဖြစ်တဲ့ အခြေအနေက ဘာလဲ။ နောက်တခါ အဲဒီနောက်ကွယ်မှာ ဘာတွေရှိနေသလဲ။ ဘယ်လိုလူမျိုးတွေက အကြမ်းဖက်လိုစိတ်တွေ ပြင်းပြနေသလဲ။ အဲဒီလိုကိစ္စမျိုးတွေ၊ ကျနော်တို့ ဒီပြဿနာကို ဘယ်လိုတားဆီးမလဲ။ နောင်အနာဂတ်မှာ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ရေရှည် ဘယ်လိုထိန်းသိမ်းသွားနိုင်မလဲ၊ အဲဒီအချက်တွေကိုပါ။ အဓိကတော့ လူမျိုးရေးပေါ့ဗျာ။ အဲဒီမှာရှိကြတဲ့ တိုင်းရင်းသားတွေ၊ ကျေးရွာလေးတွေကိုပေါ့၊ အဲဒီက လုံခြုံရေးကို အဓိကထားပြီးတော့ လေ့လာတယ်၊ စုံစမ်းတယ်။ နောက် ပြဿနာမဖြစ်အောင် ဘယ်လိုတားဆီးကာကွယ်မလဲ။ လိုအပ်ချက်တွေကို ကျနော်တို့က ပြည်နယ်အစိုးရကို တင်ပြသွားမယ်လို့ ဒီအဖွဲ့က ကွင်းဆင်းလေ့လာခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေ စိုးရိမ်စိတ် လျော့ကျနိုင်အောင် အလေးထား ဆောင်ရွက်ပေးဖို့ လိုနေတယ်လို့ လည်း ကော်မရှင် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“ဒီအမှုတွေမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်တွေကို အမြန်ဆုံး ဖော်ထုတ်ပါ။ မတရား သိမ်းဆည်းရယူသွားတဲ့ သေနတ်တွေကို ပြန်မိအောင် ကြိုးစားပေးပါ။ ဒါတွေကို ပြန်ရပြီ၊ ဒီလူတွေ ခေါင်းဆောင်တွေကို ဖမ်းမိပြီဆိုရင်တော့ ကျနော်တို့ ပြည်သူတွေဟာ စိတ်ချလက်ချ အိမ်ပြန်လာဖို့ မလွဲဧကန်ပါပဲဗျာ။”
အကြမ်းဖက်မှုတွေကြောင့် နေအိမ်စွန်ခွာ ထွက်ပြေးလာကြတဲ့ ဒေသခံတချို့ နေရပ်ကို ပြန်လာနေကြပေမယ့် စိုးရိမ်စိတ်တွေ ရှိနေကြဆဲပါ။ ပုံမှန်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ လိုအပ်ချက်တွေရှိနေသေးသလို ခြိမ်းခြောက်ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်မင်္ဂလာရွာနေ ဦးသန်းလွင်က “အခု ချောင်းတွေထွက်ဖို့လည်း မရဘူး ဘယ်မှကို။ ဒီမှာပဲ ဒီအတိုင်းပဲ ပုန်းနေရတယ်။ ချောင်းထွက်ရင် ဒီကောင်တွေက လုပ်မှာ။ ဟိုကမ်းဘက်တောင် သွားလို့မရဘူး။ ကမ်းဘက်သွားရင် ဒီကောင်တွေက ဓားနဲ့လိုက်တယ်” လို့ ပြောပါတယ်။
နေရပ်စွန့်ခွာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အမ်းမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းက တော့ ရခိုင်ပြည်နယ်ကိစ္စကို လက်တွေ့ကျကျ လုပ်ဆောင်ရတော့မယ်လို့ ပြောပါတယ်။
“အခုဖြစ်စဉ်ကို နောက်ဆုံးဖြစ်စဉ်လို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ အရင်တုန်း ကလုပ်ခဲ့တဲ့ စီမံချက်တွေကို ပိုပြီးအလေးအနက်ထားလို့ လက်တွေ့ကျတဲ့ အလုပ်လုပ်ရတော့မယ်။ ဒုက္ခသည်တွေကို ပြန်ခိုင်းတယ်။ ပြန်ရုံနဲ့ပြီးပြီလား။ ဒီတခါတော့ ဒီလိုလုပ်လို့ မရတော့ဘူး။ လုံးခြုံရေး၊ နေရေးထိုင်ရေးပေးတဲ့အပြင်ကို စားဝတ်နေရေး၊ သွားရေးလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး ဒါတွေကို ကျနော်တို့လက်တွေ့ ကျကျ လုပ်ရတော့မယ်။ အရင်တုန်းက စာရွက်ပေါ်မှာ လုပ်တာများတဲ့အတွက် ဒီနေ့ဒီပြဿာနာပြန်ဖြစ်လာတယ်။ ဒီတစ်ခါတော့ ကျနော်တို့ လုံးဝကို သတိထားပြီး လုပ်ရမှာဖြစ်တဲ့ အတွက် ကော်မရှင်လည်း ဒီကိစ္စတွေကို ဦးတည်ပြီး အမြန်ဆုံး အစိုးရကို တိုက်တွန်းဖို့ လာတာဖြစ်ပါတယ်။”
လက်ရှိအစိုးအနေနဲ့ ရခိုင်ပြဿာနာတွေ ကိုင်တွယ်ရာမှာ ကောင်းတဲ့အချက်တွေရှိသလို လိုအပ်ချက်တွေ များစွာရှိနေပြီး၊ ပြည်သူတွေရဲ့ ခံစားချက် လိုအပ်ချက်တွေကို ကြည့်ဖို့အလွန်အရေးကြီးတယ်၊ ဒီပြသနာဟာ ရခိုင်ပြည်နယ်ဒေသတခုတည်းမဟုတ်ဘဲ တနိုင်ငံလုံးအတွက် ဖြစ်ပြီး၊ အမျိုးသားရေး တာဝန်တခုဖြစ်တယ်လို့လည်းပြောပါတယ်။
စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၆ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ အောင်မင်္ဂလာရွာ၊ မောင်တောတောင်ပိုင်းက မောရဝတီရွာတွေကို သွားရောက်ပြီး ဒေသခံကျေးရွာတွေရဲ့ လုံခြုံရေးအခြေအနေတွေကို အဓိကလေ့လာခဲ့ကြပါတယ်။
ကော်မရှင်အနေနဲ့ စုံစမ်းမှုတွေကို ပြုလုပ်ပြီး အစီရင်ခံစာကို ၂ ပတ်အတွင်း ရခိုင်ပြည်နယ်လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မနက်က မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲ ကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကာ လက်နက်နဲ့ ကျည်ဆန်တွေ အကြမ်းဖက်သူတွေ လက်ထဲပါသွားခဲ့တာဖြစ်ပါတယ်။
သတင်း - ဝဏ္ဏခွာညို -ကိုအောင်