အမေရိကန် အက်ဖ်ဘီအိုင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မရှိသေးဟု ရဲတပ်ဖွဲ့ ပြော
DVB
·
October 27, 2016
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်) နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ လောလောဆယ် ပူးပေါင်းလုပ်ဆောင်ရန် အစီအစဉ် မရှိသေးဘူးလို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ဇော်ဝင်းအောင်က ပြောပါတယ်။
ရန်ကုန် အမေရိကန်သံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ အက်ဖ်ဘီအိုင်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးစွမ်းရည်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တခုပြုလုပ်ရန် ဆောင်ရွက်နေတယ်ဆိုတဲ့ ရေးသားဖော်ပြချက်အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
“ရဲတပ်ဖွဲ့ပိုင်းက နိုင်ငံဖြတ်ကျော်မှုခင်းဌာနဆိုတာ ရှိတယ်။ ကျနော် အဲဒီက ရဲမှူးကြီးအောင်ဌေးမြင့်ကို လှမ်းမေးကြည့်တယ်၊ အစီအစဉ် မရှိသေးပါဘူးတဲ့၊ လောလောဆယ်။”
အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်မှာတော့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ မှုခင်းများဖော်ထုတ်တိုက်ဖျက်ရာမှာ စွမ်းရည်များမြှင့်တင်ပေးရေးအတွက် လေ့ကျင့်သင်တန်းများ၊ နည်းပညာအထောက်အပံ့များ ပေးအပ်ခြင်းနဲ့ ကူညီဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ရဲတပ်ဖွဲ့ကို အီးယူ ဥရောပသမဂ္ဂက လေ့ကျင့်သင်တန်းပေးခဲ့ဖူးပါတယ်။