Home
သုံးသပျခကျြ
၆ လကျော်ကြာ ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေး ဘာတွေမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
October 26, 2016
"ဒီတပတ် ကျနော်တို့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ NCA လို့ လူသိများတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ထိုးခဲ့တဲ့ တနှစ်ပြည့်အခမ်းအနား ဖြစ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး မူဝဒါ ၇ ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ပထမအဆင့်တွေမှာတော့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံးသပ်တာတွေ၊ ပင်လုံညီလာခံခေါ်တာ၊ လက်မှတ်ထိုးတာတွေ၊ အဲဒါနဲ့ တပြိုင်နက်တည်း ထူးခြားတာကတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်သွားမယ်ဆိုတဲ့ မူဝါဒတရပ်ကို ချပြခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ NCA ဟာဆိုရင် အရင်အစိုးရကလည်း ပါခဲ့တယ်။ အစိုးရသစ်လက်ထက်မှာဆိုလည်း အခုဆိုရင် ၆ လကျော် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကိစ္စတွေ လုပ်လာတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဘာတွေ မျှော်လင့်လို့ရလဲ။ နောက်တခု လက်ရှိဆိုရင်တော့ နိုင်ငံရေးမူဘောင်တွေ ဆွေးနွေးနေပါတယ်။ အဲဒါတွေကရော ဘယ်အတိုင်းအတာအထိ ရနိုင်မယ်လို့ မျှော်လင့်ထားပါလဲ ဆရာသန်းစိုးနိုင် စပြီးတော့ ဆွေးနွေးပေးပါခင်ဗျ။" ဦးသန်းစိုးနိုင်(နိုင်ငံရေးလေ့လာသုံးသပ်သူ) "ဟုတ်ကဲ့။ ပထမဦးဆုံး ပြောချင်တာကတော့ နိုင်ငံရေးမူဘောင်တွေကို ပြန်လည်ပြီးတော့ ဆွေးနွေးကြမယ်၊ ပြုပြင်ဖို့ ကြိုးစားကြမယ် ဆိုတာကတော့ အတော် ကောင်းမွန်တဲ့ ကိစ္စပါပဲ။ အဲဒါဟာ ကျနော်တို့ ငြိမ်းချမ်းရေးအတွက် ရှေ့တဆင့်တိုးဖို့အတွက် ကောင်းမွန်တဲ့ အလားအလာတခုလို့ ကျနော် မြင်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ပင်လုံညီလာခံတုန်းကတောင်မှ ထုတ်ဖော်မပြောခဲ့တဲ့ ပြည်ထောင်စု ဖက်ဒရယ် ထူထောင်ရေး၊ နောက်ပြီးတော့ ဒီလို ထူထောင်နိုင်ဖို့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတဲ့ သဘောထားတွေကို ပြန်ပြီးကြားလာရတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့အမီ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်တော့ အလားအလာ ကောင်းတယ်လို့ ကျနော်တို့က မျှော်လင့်မိပါတယ်။ ဒါပေမယ့် ရှေ့ခရီးဆက်မယ့်ကိစ္စမှာ ကျနော်တို့ အခု သိရသလောက်တော့ လာမယ့် မူဘောင်ဆွေးနွေးပွဲတွေ၊ နောက်ပြီးတော့ တနိုင်ငံလုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စသဖြင့် အဲဒီဖြစ်စဉ်တွေမှာ NCA လက်မှတ်ရေးထိုးထားသူတွေသာ ဆက်လက်ပါဝင်ရမယ်ဆိုရင် UNFC က ၈ ဖွဲ့- ဝ၊ မိုင်းလား၊ TNLA ကိုးကန့်၊ ရခိုင် စတဲ့ ဆိုတာက အခု တကယ်တမ်း တပ်မတော်နဲ့ ထိပ်တိုက်တွေ့နေတဲ့ အင်အားစုတွေ ဒီနိုင်ငံရဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ လမ်းပိတ်နေတဲ့ သဘောလေး ရှိနေတော့ အဲဒီအနေအထားကို ပြုပြင်ဖို့တော့ လိုအပ်မယ်လို့ ကျနော် ထင်ပါတယ်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) " ဟုတ်ကဲ့။ ဆရာတင်မောင်သန်းလည်း ကျနော် မေးချင်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးမူဘောင်တွေကို ဆွေးနွေးနေပါတယ်။ ပြင်ဆင်မယ်။ နောက်ထပ်တခု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးမူဝါဒအသစ်လည်း ချပြလာတယ်ပေါ့နော်။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်နေတာပေါ့။ အဲဒီအပေါ်မှာ လက်တွေ့ကျကျ ဘာလုပ်ဖို့ လိုမလဲ။ ဆရာသန်းစိုးနိုင်ကတော့ ပြောခဲ့တယ်။ အဲဒီအထဲမှာ အခုကတော့ NCA ထိုးတဲ့လူတွေပဲ ဆက်သွားမယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေဘက်မှာ အားလုံး ပါဝင်ရေး ဆိုတဲ့ မူလည်း ရှိခဲ့ဖူးတယ်ပေါ့။ အဲဒီတော့ တချို့တွေ တကယ်ပဲ ပြုတ်ကျန်တော့မလား၊ တချို့တွေ ဆက်သွားနိုင်အောင်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး ဆက်နေအောင်လို့ ဆရာ့အနေနဲ့ ဘာတွေများ မျှော်လင့်ထားလဲ၊ ဘာတွေလုပ်ဖို့ လိုမလဲ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး ဆရာ။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘဝမဂ္ဂဇင်း) "လက်တွေ့ကျကျဆိုရင်တော့ အားလုံး သဘောတူညီချက်ကို ထိုးကြပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးကြတယ်။ ခုနက နိုင်ငံတော်ရဲ့ မူဝါဒထဲမှာ ဖော်ပြထားသလိုပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအထိ သွားနိုင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံအတွက် အတိုင်းထက်အလွန်ပေါ့နော်။ အဲဒီလိုလည်း သွားနိုင်လောက်တဲ့ ခေါင်းဆောင်မှုမျိုးလည်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတယ်လို့ ပြည်သူအများက ယုံကြည်နေကြတယ်ပေါ့နော်။ ဒါကတော့ ကျနော်တို့ အင်မတန် မျှော်လင့်နိုင်တဲ့ အပြုသဘောဆောင်တဲ့ အမြင်တွေပေါ့။ ဒါပေမယ့် တဖက်မှာလည်း နိုင်ငံတကာအတွေ့အကြုံတွေအရ ပြောရရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အင်မတန် ခက်ခဲတတ်တယ်။ အဓိကပြဿနာက ယုံကြည်မှု ထူထောင်ရေးဆိုင်ရာ ပေါ့နော်။ ယုံကြည်မှုထူထောင်ရေးဆိုင်ရာ ဆိုတဲ့အခါမှာ တခြားနိုင်ငံတွေမှာ ကျနော်တို့ တွေ့ရတာကတော့ ခေါင်းဆောင်တွေအချင်းချင်းကြား ယုံကြည်မှု ထူထောင်ရေး တော်တော်အရေးကြီးတယ်။ ကျနော့်အနေနဲ့ဆိုရင်တော့ ခေါင်းဆောင်တွေ ပိုပြီးတော့ မကြာခဏ တွေ့ကြတာ တရားဝင်မဟုတ်ဘဲနဲ့ စားရင်း သောက်ရင်းပဲ ဖြစ်ဖြစ်၊ အလွတ်သဘော ပြောဆိုဆွေးနွေးကြတာတွေ၊ အဲဒီလို ဖန်တီးတာက နည်းနည်းပိုပြီးတော့ ကောင်းမလားပေါ့။ ဘာကြောင့်လဲဆိုရင် ပဋိပက္ခစာပေတွေမှာလည်း ဖတ်ရတာက ငြိမ်းချမ်းရေးကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းရေး ကိစ္စတွေမှာ ဒီယုံကြည်မှုဆိုတာက အောက်ခံမှာရှိပြီးတော့ အပေါ်မှာ ပြောနေတာတွေ အကုန်လုံးကို အဓိပ္ပာယ်ကောက်တဲ့အခါမှာ ဒါက အဆုံးအဖြတ်ပေးသွားမှာ။ ဆိုတော့ အဲဒီလို တွေ့ဆုံဖို့က ကျနော်တို့ နည်းနည်းအရေးကြီးတယ် ထင်တယ်။ အဓိကကတော့ ကချင်ခေါင်းဆောင် အမ်ဘာလတို့၊ ဝ ခေါင်းဆောင်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ပေါ့လေ။ မကြာခဏ သူတို့ရဲ့ နယ်မြေတွေမှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သွားပြီးတော့ အလှည့်ကျ တွေ့ဆုံတာမျိုးလေးတွေ။ ဒါလေးတွေက စကားပြောမယ် ပိုပြီးနားလည်မယ်လို့ ထင်တယ်။ အဲဒါနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့လည်း ယုံကြည်တယ်ပေါ့နော်။ နောက်တခုကတော့ အခု ပြန်လည်ပြင်ဆင်ဖို့အတွက် ဆွေးနွေးနေကြတုန်း။ အခက်အခဲတွေ ရှိတယ်။ မရဘူးဆိုရင်လည်း ကျနော်က ထားလိုက်တော့ ဆိုပြီး မလျှော့စေချင်ဘူးပေါ့နော်။ မရသေးတဲ့ သဘောမတူတဲ့ ကိစ္စလေးတွေကိုလည်း အလုပ်အဖွဲ့လေးတွေ ထားပြီးတော့ ဘယ်လိုများ လုပ်လို့ရမလဲ။ အလုပ်အဖွဲ့လို့ ဆိုတာက ဟိုဘက် ဒီဘက်တင်မကဘဲနဲ့ ဖွင့်ပြီးတော့ စဉ်းစားနိုင်မယ့် လူတွေပါ ထည့်ပြီးတော့ ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းလို့ ရနိုင်မလဲ ဆိုတာကို စဉ်းစားတဲ့ အဖွဲ့လေးတွေနဲ့ ဆက်ပြီးတော့ သွားစေချင်တယ်။ ခုနက NCA လက်မှတ်ထိုးတဲ့သူတွေလည်း ဆက်သွားတန် သွားပေါ့လေ။ အဲလိုလေးတွေများ ခံထားရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အလားအလာလေး ပိုပြီးတော့ အားဖြည့်ပေးရာ ရောက်မလားလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်တယ်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ လောလောဆယ်မှာတော့ မြန်မာပြည်ရဲ့ အခြေအနေက တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ လက်ရှိ မူဘောင်ညှိတဲ့အထဲမှာလည်း တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှာ သေချာတယ်။ ပြောလည်း ပြောကြမှာပဲလေ။ အဲဒါနဲ့ရော ဆရာ၊ အခုလက်ရှိ ဖြစ်နေတဲ့ ကချင်ဘက်က တိုက်ပွဲ၊ ရှမ်းပြည်မြောက်ဘက်က တိုက်ပွဲတွေ၊ အဲဒါတွေနဲ့ပတ်သက်လို့ရော တနိုင်ငံလုံးက လောလောဆယ် ဆွေးနွေးနိုင်မှု ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိလဲ။ အဲဒါ ငြိမ်းချမ်းရေးကို ဘယ်လို အထောက်အကူဖြစ်နိုင်လဲဆိုတာ ဆရာ ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦး ခင်ဗျ။" ဦးသန်းစိုးနိုင်(နိုင်ငံရေးလေ့လာသုံးသပ်သူ) " စောစောက ဆရာဦးတင်မောင်သန်း ပြောသွားသလိုပေါ့ဗျာ။ ငြိမ်းချမ်းရေး ပရောဆက် ဆိုတဲ့ အခြေခံကတော့ ယုံကြည်မှု တည်ဆောက်ဖို့ပဲ။ အခု ပြီးခဲ့တဲ့ ပင်လုံညီလာခံကြီး ကျင်းပလိုက်ပြီးတော့ တခါမှ မတွေ့ဆုံဖူးတဲ့ ခေါင်းဆောင်တွေ၊ ပါဝင်ခွင့်မရခဲ့တဲ့ ခေါင်းဆောင်တွေ အားလုံး ကိုယ့်အမြင်ကိုယ် ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်တဲ့အခါမှာ ပြည်သူလူထုကြားထဲမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ အလွန်ကို မြင့်တက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်တဲ့ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ မျှော်လင့်ချက် ထားခဲ့တယ်။ ဒါပေမယ့် ညီလာခံပြီးတော့ ၁၁ ရက်နေ့ကစပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုတဲ့ ကိစ္စကလည်း တဖက်က ပွင့်ပွင့်လင်းလင်း ပြောကြရရင် အရင်တုန်းက တလျှောက်လုံး ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဖြစ်ခဲ့တာတွေရဲ့ အကြောင်းအချက်တွေက သစ်ခိုးမှုတွေ၊ အခွန်တောင်းမှုတွေ၊ နောက်ပြီးတော့ တိုးတိုက်တာတွေ စသည်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတွေပေါ့။ အခုကတော့ KIA ကို တိုက်နေတဲ့ တိုက်ပွဲကတော့ စစ်ဆင်ရေးတရပ်လို ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ ပြီးခဲ့တဲ့ ညီလာခံတုန်းက ရရှိခဲ့တဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ထပ်ပြီးပြိုကွဲစရာတွေ ဖြစ်တဲ့အတွက် ဒါတွေကတော့ ဝမ်းနည်းစရာတော်တော်ကောင်းပါတယ်။ နောက် ဒီကိစ္စနဲ့ပတ်သက်လို့လည်း အဖွဲ့အစည်းအသီးသီး၊ UNFC က လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါရော၊ ဝ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါမှာရော သူတို့ တောင်းဆိုတာ ၂ ချက်ပေါ့။ အားလုံး ပါဝင်ရေးနဲ့ နှစ်ဖက် စစ်ရပ်စဲရေး။ အဲဒီဟာ လုပ်နိုင်ရင် မူဘောင်ဆွေးနွေးပွဲတွေ အတော်ကို အဆင်ပြေအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်က ယူဆတယ်။ ဒါပေမယ့် အခုက သိပ်ပြီး ကြည်လင်မှုမရှိတဲ့ အမြင်တခုက ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံး ပါဝင်ရေး သဘောထား ရှိခဲ့တယ်။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ထိုးထားတဲ့သူတွေသာ ပါဝင်ရေးဆိုတဲ့ သဘောထားကို ပြောင်းလဲလာတယ်လို့ ခံစားရတယ်။ အဲဒါက လမ်းပိတ်ကြီး ဖြစ်နေတယ်။ အဲဒါအတွက် တခြား သင့်လျော်တဲ့ နည်းနာ မရှာတော့ဘူးလား။ ပိုမိုကျယ်ဝန်းတဲ့ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အတိုင်းအတာတခုထိ စုစည်းနိုင်ဖို့အတွက် တခြားသော နည်းလမ်းတွေ ရှာဖွေပြီးတော့ ရှေ့ဆက်လက်သွားမယ့် နိုင်ငံရေးခရီးလမ်းကို တွန်းတင်ပေးပါလို့ ကျနော်တို့က မေတ္တာရပ်ခံချင်ပါတယ်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) " တဖက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူဘောင်တွေ လုပ်တယ်။ မူဝါဒတွေ ချတယ်။ ၇ ဆင့်လောက် သွားမယ့်ဟာတွေလည်း မြင်နေပြီ။ အဲဒီတော့ တကယ်လို့များ စောစောက ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ တိုက်ပွဲတွေကြားထဲက ယုံကြည်မှု တည်ဆောက်ရတယ်ဆိုတော့ ခက်ပါလိမ့်မယ်။ အဲဒါကို တကယ်တမ်း လက်တွေ့ကျကျ အလုပ်ဖြစ်နိုင်မယ့်၊ အခုရှိပြီးသား အခြေအနေမှာပဲ ဘယ်လိုမျိုးများ ဆက်ပြီးတော့ ရှေ့တလှမ်းတိုးဖို့ ဘာလုပ်လို့ ရနိုင်မလဲ။ အထူးသဖြင့်တော့ တိုက်ပွဲတွေလည်း လျှော့ချမယ်၊ ငြိမ်းချမ်းရေးတွေလည်း ပိုပါလာအောင်လို့ ဘာတွေများ လုပ်သင့်တယ်လို့ ဆရာ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘဝမဂ္ဂဇင်း) " ယေဘုယျအားဖြင့်တော့ အပစ်အခတ် ရပ်စဲရေးကိစ္စဆိုတာ တော်တော်ခက်တဲ့ ကိစ္စပဲ။ အဲဒီတော့ ကျနော် ထင်တာကတော့ တချို့အဖွဲ့တွေနဲ့က သိပ်လောဘမကြီးနဲ့ပေါ့။ သီးသန့်အချိန်ယူရမယ့် ကိစ္စတွေ ရှိမယ် ထင်တယ်။ တပြိုင်တည်းမှာပဲ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်စဉ်တွေ  သွားနေတာရှိတယ်။ တကယ်လို့ NCA မှာ လက်မှတ်မထိုးဘူးဆိုရင် တက်ခွင့်မရှိဘူး ဆိုရင်တောင်မှပဲ တက်ခွင့်မရခဲ့တဲ့ အဖွဲ့တွေ ဆက်လက်သွားတော့မယ်လို့ ဆုံးဖြတ်ရင်ပေါ့နော်။ သူတို့ရဲ့အသံကို ကျနော်တို့ ဘယ်လို ဆွေးနွေးပွဲထဲမှာ ရအောင် သယ်ပေးနိုင်မလဲဆိုတဲ့ လမ်းကြောင်း။ ဒါ စဉ်းစားလို့ရပြီ။ ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒီလိုဖြစ်ရင်းနဲ့မှ ယုံကြည်မှုကိုလည်း တဖက်မှာ တဖြည်းဖြည်း တည်ဆောက်ရင်းနဲ့ ဒါကတော့ ဖြစ်နိုင်ခြေရှိပြီလို့ ပြောလာတာနဲ့ ချက်ချင်းဝင်လာနိုင်တဲ့ ဖြစ်စဉ်တခုမျိုးပေါ့။ ဒါမျိုး ဖွင့်ထားဖို့ လိုမယ်ထင်တယ်။ မတူတဲ့အဖွဲ့ဟာ မတူတဲ့အခြေအနေအရ၊ မတူတဲ့ အဓိပ္ပာယ်ကောက်ချက်တွေအရ အကုန်လုံးက တူတူညီညီ အဓိပ္ပာယ်ကောက်ကြမှာ မဟုတ်ဘူး။ ပဋိပက္ခတွေ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့အခါကျတော့ပေါ့နော်။ ဒါကြောင့်မို့လို့ အဲဒီနည်းလမ်း ယန္တရားကို ပိုပြီးတော့ ရှာဖွေထားဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ မဟုတ်ရင် လက်ရှိသွားနေတဲ့ နည်းနာ ယန္တရားနဲ့မှ မလိုက်ဘူးဆိုရင် ထားခဲ့မယ်ကွာဆိုရင်တော့ ဒါဆိုရင် မြန်မာပြည်အတွက် ရင်လေးစရာကတော့ ဆက်ရှိနေဦးမယ်လို့ ပြောရမှာပေါ့နော်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့။ နောက်ထပ် သူတို့ရဲ့ တကယ့် consult လေးတွေ ပြောနိုင်တဲ့ space လေးတွေ ရှာရမှာပေါ့နော်။ သြဂုတ်လတုန်းက လုပ်တုန်းက နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲနိုင်ထားတဲ့ ပါတီတွေ ခေါ်ခဲ့ရာကနေ အခု နိုင်ငံရေးပါတီတွေအားလုံး ပြန်ခေါ်မယ်လို့ဆိုပြီး လမ်းဖွင့်ကြိုဆိုတာလည်း တွေ့ပါတယ်။ အဲဒီလိုပဲ ဒီအရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း စင်ပြိုင်လုပ်ပြီးတော့ အဲဒီကရတဲ့ ရလဒ်တွေလည်း ယူမယ်ပေါ့ ဆရာရယ်။ အဲဒီအတွက် နောက်တခုက ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရေးပေါ့။ အဲဒီတော့ အဲဒါတွေရော တကယ်ပါဝင်လာရင် ဘယ်လို အကျိုးရှိမလဲ၊ ပါဝင်လာပေးအောင် ဘယ်လိုမျိုး ဆွဲခေါ်လာဖို့လိုလဲ ဒီပရောဆက်ထဲမှာ ကျနော်တို့ တကယ့် stakeholder လို့ ပြောကြတဲ့ တပ်မတော်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပဲ မဟုတ်ဘဲနဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဝန်းအဝိုင်းမှာ ပါတဲ့ နိုင်ငံရေးပါတီတွေလိုဟာမျိုး၊ အရပ်ဘက် အဖွဲ့အစည်းတွေလိုဟာမျိုးတွေရဲ့ အခန်းကဏ္ဍရော ဘယ်လိုပါဝင်သင့်လဲ ဆရာ ဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါခင်ဗျ။" ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသုံးသပ်သူ) " အဲဒီကိစ္စအတွက်ကတော့ ကျနော်တို့ အခု ချမှတ်ထားတဲ့ မူဝါဒတွေထဲမှာ ပါတယ်ပေါ့လေ။ မူဘောင်ဆွေးနွေးကြမယ်၊ ပြုပြင်ကြမယ်။ အဲဒါပြီးရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်။ အဲဒါမှာ ဒေသအလိုက် ရှိမယ်၊ အကြောင်းအရာအလိုက် ရှိမယ်။ နောက်ပြီးတော့ အမျိုးသားအလိုက်၊ လူမျိုးအလိုက် ရှိမယ်ပေါ့။ အဲဒီဖရိမ်မှာ တော်တော့်ကို ကျယ်ပြန့်တဲ့ကိစ္စပေါ့။ ဆိုတာက ညီလာခံမှာ ဟိုလူ ပါဝင်ခွင့်ရတယ်၊ ဒီလူ ပါဝင်ခွင့် မရဘူး ဆိုတဲ့ ကိစ္စကတော့ အခြေအနေ အကြောင်းအရာရဲ့ အကန့်အသတ် ရှိနိုင်ပါတယ်။ သို့သော် အားလုံး ပါဝင်ရေး၊ အားလုံး အမြင်တွေ တင်ပြနိုင်ဖို့ အခွင့်အလမ်းတွေကတော့ လွှမ်းနိုင်သလောက် ကျနော်တို့က ဖြန့်ထုတ်ပေးရမှာပဲ။ ခုနက ကျနော်တို့ ပြောနေတဲ့ NCA ထဲမှာ ပါဝင်တဲ့လူက ပါဝင်ခွင့် ရှိတယ်။ မပါဝင်တဲ့လူက လုပ်ခွင့်မရှိဘူးဆိုတဲ့ တဖက်ပိတ် နည်းနာမျိုး စဉ်းစားမယ့်အစား သူတို့ NCA လက်မှတ်မထိုးရသေးတဲ့သူတွေရဲ့ အမြင်နဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လို ဆွဲခေါ်မလဲ။ ဘယ်လို ပါဝင်မလဲ။ သူတို့ ပါဝင်ခွင့်အတွက် ဘယ်လို လမ်းဖွင့်ပေးမလဲ။ အဲဒီလို စဉ်းစားချက်တွေ ရှိစေချင်တယ်။ ဆရာ အခုနက ပြောတဲ့ မေးခွန်းအတွက်ကတော့ အရေးအကြီးဆုံး ကိစ္စလည်းပဲ တနိုင်ငံလုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျယ်ပြန့်စွာလုပ်ဖို့။ ညီလာခံမှာ ပြောကြ ဆိုကြတာကတော့ မူဘောင်အရဆိုရင်တော့ ကွဲလွဲချက်တွေက အများကြီး။ အမုန်းတွေ၊ အာဃာတတွေ၊ သမိုင်းဆိုင်ရာ ပြဿနာတွေကလည်း အများကြီး။ အဲဒီတော့ ငြိမ်းချမ်းရေးပြဿနာ ဆိုတာက တပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စ။ တပြည်လုံးက ပြည်သူတွေ ပါဝင်နိုင်ရမယ်။ တပြည်လုံးက နိုင်ငံရေးအင်အားစုတွေ ပါဝင်နိုင်ရမယ်။ တပြည်လုံးက လူငယ်တွေ၊ အမျိုးသမီးတွေ ပါဝင်ရမယ်။ အဲဒီအဆင့်ကို ကျနော်တို့ သွားတဲ့နေရာမှာ NCA ဆိုတဲ့ တုတ်ကြီးနဲ့ တားမထားစေချင်ဘူး။ အဲဒါအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကျနော်တို့ စဉ်းစားပြီးတော့ အားလုံး တတ်နိုင်သမျှ ပါဝင်အောင် ကြိုးစားထားဖို့ အတော်လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်လို့ အခု NCA နဲ့သာ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်ပြီးကန့်ထားမယ်၊ တဖက်ကလည်း ထိုးစစ်တွေ လုပ်နေမယ် ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအလားအလာဟာ အတော့်ကို အားနည်း ဆုတ်ယုတ်နေမယ်လို့ ယူဆပါတယ်။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင် သင့်ဘဝမဂ္ဂဇင်း) " ကျနော်ကတော့ အဲဒီလို အများကြီး သွားတာထက်ပေါ့နော်။ တကယ့် သော့ချက်ကျတဲ့ ခေါင်းဆောင်တွေ ရင်းရင်းနှီးနှီး နက်နက်နဲနဲ ထိုင်ပြီးတော့ ပြောပြီးတော့ သဘောတူညီချက် ရစေချင်တယ်။ တရားဝင်ဟုတ်ဖို့ မလိုပါဘူး။ သဘောတူညီတယ်၊ ရှေ့လျှောက်ပြီးသွားဖို့ ဒီနည်းလေးနဲ့များ သွားရင် ကောင်းမလားပေါ့။ အခုဟာက ခေါင်းဆောင်တွေက ကျန်ကျန်နေပြီးပေါ့။ အလုပ်အဖွဲ့တွေနဲ့ ဆွေးနွေးတယ်။ နောက်ပြီးရင် မပြတ်ဘူး ဖြစ်နေတယ်။ ယုံကြည်မှုကို မဖြေရှင်းနိုင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ယုံကြည်မှုလို့ ပြောတဲ့အခါမှာ ပြည်သူလူထုကျတော့ ယုံကြည်မှုရှိတယ်။ ဆုံးဖြတ်ချက်ချမယ့်သူတွေကြား ယုံကြည်မှု၊ အဲဒီယုံကြည်မှုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပိုပြီးတော့ သော့ချက်ကျတယ်ဗျ။ ဆုံးဖြတ်ချက်မချနိုင်ဘဲနဲ့ အလုပ်လုပ်နေတဲ့သူတွေကြား ယုံကြည်မှုနဲ့ သွားလို့မရဘူး။ ဒါကြောင့်မို့လို့ အဲဒါလေးကို ဂရုစိုက်ပြီး လုပ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်ထင်တယ်။ အဲဒီအပိုင်းလေးမှာ နည်းနည်းလေး အားနည်းနေသလားလို့ ကျနော်တော့ မြင်မိပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024