Home မြန်မာသတင်း ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ မြန်မာ့လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပို့
ရှမ်းနိုင်ငံရေးအကျဉ်းသားမိသားစုများ မြန်မာ့လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပို့
IMG_4275 နှစ်ရှည်ထောင်သွင်း အကျဉ်းချခံနေရတဲ့ ရှမ်း နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်လာဖို့ အတွက် သူတို့အမှုကို ပြန်လည် စိစစ်ပေးဖို့ သက်ဆိုင်ရာ မိသားစုတွေက မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားစာ ပေးပို့ထားပါတယ်။
ရှမ်းပြည်အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းမှု၊ အမျိုးသားညီလာခံ တက်ရောက်ဖို့ ငြင်းဆန်မှုတွေကြောင့် နှစ်ရှည်ထောင်တွင်း အကျဉ်းချခံနေရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦးနဲ့တကွ အမှုတွဲမှာ ဆက်စပ်ပါဝင်နေတဲ့ ပုဂ္ဂိုလ် ၈ ဦးရဲ့ အမှုကို ပြန်စိစစ်ပေးဖို့ သက်ဆိုင်ရာ မိသားစုတွေက လက်မှတ်ထိုးပြီး နိုဝင်ဘာလ ၂ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တာပါ။
အခုလို တိုင်တန်းဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ အရင် လေ့လာခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ရဲ့ ဇနီးဖြစ်သူ နန်းခင်အုန်းတင့်က ပြောပါတယ်။
“လူ့အခွင့်အရေးတရပ်အနေနဲ့ မတရားဖမ်းဆီးခံထားရတဲ့လူတွေ အားလုံးကို အမြန်ဆုံး ပြန်လည် လွှတ်ပေးစေချင်လို့ပါပဲ။ အရင်စစ်အစိုးရလက်ထက်က မတရားပြစ်ဒဏ်ချမှတ်ထားတာကို အခု ပြည်သူ့အစိုးရလို့ ခံယူထားတဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ အစိုးရအနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားပြီး အမြန်ဆုံးလွှတ်ပေးလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။”
တိုင်ကြားစာကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို ကိုယ်တိုင် သွားပို့ခဲ့တယ်လို့ ဆိုပါတယ်။
မှတ်ပုံတင်အမှတ် ၃၅၄ နံပါတ်နဲ့ လက်ခံပြီး ဖြတ်ပိုင်းပြန်ပေးခဲ့ပြီး လူကြီးတွေကို ဆက်တင်ပြပေးမယ့်အကြောင်း၊ တိုင်စာတွေ အများကြီး ရောက်တဲ့အတွက် ဘယ်တော့ အရေးယူဆောင်ရွက်ပေးမလဲဆိုတာ မပြောနိုင်ဘူးလို့ တာဝန်ကျ ၀န်ထမ်းက ပြောကြောင်းလည်း နန်းခင်အုန်းတင့်က ဆိုပါတယ်။
တိုင်ကြားစာမိတ္တူကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီကိုလည်း ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့က “၂၀၀၈ ခုနှစ်မှာ အတည်ပြုတဲ့ ဖွဲ့စည်းပုံရဲ့ အခန် ၈ မှာ နိုင်ငံသားများရဲ့ အခွင့်ရေးနဲ့ ရပိုင်ခွင့် ဆိုပြီးတော့ ရှိပါတယ်။ အဲဒါကို မူတည်ပြီးတော့ ဖြေရှင်းပေးဖို့ပေါ့နော်။ မရရှိသေးတဲ့ အခွင့်ရေးတွေ ရရှိဖို့။ ဒါပေမယ့် တရားရုံးမှာ တရားသူကြီး ဆုံးဖြတ်ရမယ့် ကိစ္စမျိုးကိုတော့ ကျမတို့ မဆိုင်ပါဘူးလို့ ပြောထားပါတယ်။ တော်တော်လေးတော့ ပြေလည်ပါလိမ့်မယ်။ ကျမတို့လည်း ဒီလိုပဲ မျှော်လင့်ပါတယ်။”
အမှုတွဲထဲမှာ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးနဲ့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ အဖွဲ့ဝင် ဦးစိုင်းလှအောင်၊ ဦးထွန်းညိုနဲ့ ရှမ်းပြည်တပ်မတော်နာယကကြီး ဦးဆေထင်၊ ရှမ်းပြည်မျိုးဆက်သစ် လူငယ်အဖွဲ့က ဦးမြင့်သန်း၊ စိုင်းညီမိုး၊ စိုင်းမျိုးဝင်းထွန်းတို့ ပါဝင်ပါတယ်။
ဦးဆေထင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့က ပြန်လွတ်လာခဲ့ပြီး အမှုတွဲပါ ဦးမြင့်သန်းကတော့ စစ်တွေ ထောင်ထဲမှာပဲ ကွယ်လွန်သွားပါတယ်။
ဆက်စပ်သတင်းများ