DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အမတ်နှစ်ဦး အမတ်အဖြစ်က ပယ်ဖျက်ခံရ
DVB
·
November 3, 2011
လွှတ်တော်အမတ်နှစ်ဦး အမတ်အဖြစ်က ပယ်ဖျက်ခံရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်ထဲက လူနည်းစုတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်နှစ်ဦးကို​ ​ရွေးကောက်ပွဲဥပဒေ ချိုးဖောက်လို့ ဆိုပြီး ပြည်ထောင်စု​ ​ရွေးကောက်ပွဲ​ ​ကော်မရှင်က လွှတ်တော်အမတ်​ အဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီက ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်​ အမတ် ၂ ဦးကို ရွေးကောက်ပွဲကာလတုန်းက လူမျိုးရေးလှုံ့ဆော်ပြီး စည်းရုံးခဲ့တယ်လို့ အကြောင်းပြပြီး အရေးယူခဲ့တာလို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“မောင်တောမှာ နေတဲ့လူတွေကို တိုင်းရင်းသားလို့လည်း မပြောဘူး၊ နိုင်ငံခြားသားလည်း မပြောဘူး၊ အခြားလူမျိုးဆိုတာ ရေးထားတာ တွေ့တယ်။ အဲဒါကို ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်က မဲဆွယ်တဲ့အချိန်မှာ ဘာပြောလဲဆိုရင် ဒီလူတွေဟာ ကျနော်တို့ကို နိုင်ငံသားလည်း မပြောဘူး။ ကျနော်တို့ကို နိုင်ငံမဲ့သား လုပ်နေကြပြီ။ အဲဒီလူမျိုးတွေကို ကျနော်တို့က မဲပေးမလား၊ ကျနော်တို့လို ကျနော်တို့ အမျိုးသားတွေကို အခြေခံတဲ့ လူတွေကို မဲပေးမလား။ အဲဒါ စဉ်းစားပြီး မပေးကြပါ ဆိုတဲ့ ပြောတဲ့ စကားတခွန်း ရှိခဲ့တယ်။ ဒီလို သူလုပ်လိုက်ခြင်းက ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို စော်ကားရာ ကျရောက်တယ်။ အဲဒါကြောင့် မတရားပြုကျင့်ပြီးတော့ အနိုင်ယူခြင်းဖြစ်တယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့ အရှုံးပေးလိုက်တာ။”

ပယ်ဖျက်ခံရသူ နှစ်ဦးမှာ ဘူးသီးတောင် မဲဆန္ဒနယ် အမတ် (၁) က အနိုင်ရခဲ့တဲ့ ဦးအောင်မြင့် (ခေါ်) ဦးဇာဟိဒုလ္လာနဲ့ အမတ် ၂ က ဦးဘောရှီး အာမတ်တို့ဖြစ်ပြီး သူတို့နေရာမှာ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့ အစားထိုးတော့မှာ ဖြစ်ပါတယ်။

ကော်မရှင်က ဆုံးဖြတ်ချက်မချခင် ၂ ရက်မှာပဲ ပါတီက လူနည်းစု အခွင့်အရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တခု ပြုလုပ်ခဲ့တယ်လို့လည်း ပါတီဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“ကျနော်တို့ အရင်က ရိုဟင်ဂျာဆိုပြီး လူမျိုးတစု ရှိခဲ့တယ်။ လူမျိုးတစု ရှိပါလျက်နဲ့ အခု မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရှိတယ် မရှိဘူး ဆိုတာကို ကျနော်တို့ကို ကော်မရှင်ကရှင်းပေး။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပူးပေါင်းပြီး စစ်ဆေးပြီးတော့ သတ်မှတ်ပေးပါဆိုပြီးတော့ ကျနော်တို့ လျှောက်လွှာတင်ထားတာ။ ကုန်သွားတဲ့လ ၂၆ ရက်နေ့က တင်လိုက်တာ။ ကျနော်တို့ကလည်း နိုင်ငံတော်သမ္မတကနေတဆင့် နောက်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ လဝက၊ နောက်ပြီး သက်ဆိုင်ရာ သမိုင်းပညာရှင်၊ လူ့အခွင့်ရေးပါတီတို့၊ အစိုးရက ဖွဲ့တဲ့ လူ့အခွင့်ရေး အဖွဲ့ရှိတယ်၊ အဲဒါတွေကို ပြန်တင်ပြတာပေါ့လေ။”

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ အမတ်နေရာ ၁၅ ၀င်ပြိုင်ခဲ့ပြီး ဘူးသီးတောင် မဲဆန္ဒနယ် ၂ နေရာမှာပဲ အနိုင်ရခဲ့တာပါ။

ဒီအမှုကို အယူခံနဲ့ ပြင်ဆင်မှု လျှောက်ခဲ့တဲ့ အဆင့်တိုင်းမှာ ရှုံးခဲ့ပြီးဖြစ်တာကြောင့် နောက်ထပ် အယူခံစရာ လမ်းဆုံးသွားပြီလို့ ပါတီဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013