Live
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် ဗီယက်နမ်ရောက်ရှိ
DVB
·
October 25, 2016
နိုင်ငံတော်သမ္မတဦးထင်ကျော် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မဲခေါင်ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဖို့ ဒီနေ့ မနက်က နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ နိုင်ငံတော်သမ္မတနဲ့ အဖွဲ့ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ကို ဒီကနေ့ မနက် ဒေသစံတော်ချိန် (၁၀း၅၅) နာရီမှာ ဆိုက်ရောက်ပြီး လေဆိပ်မှာ ဗီယက်နမ်ပညာရေးဝန်ကြီးနဲ့ မြန်မာသံရုံးက တာဝန်ရှိသူတွေ လာရောက်ကြိုဆိုခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေဟာ ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၈ ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး၊ ၇ ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးနဲ့ မဲခေါင်ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတရုံးကတော့ သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ဟာ ဗီယက်နမ် သမ္မတ ကျန်းဒိုက်ကွမ်းရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024