စစ်ကိုင်းအလုပ်သမားသပိတ်ခေါင်းဆောင်အပါအ၀င် ၀န်းရံသူများကို ထောင်ဒဏ် ၅ လ ချမှတ်

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားခေါင်းဆောင်၊ ဗကသကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ထောင်ဒဏ် ၅ လ စီပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အလုပ်သမားတွေဘက်က ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက “အမျိုးသမီးတွေကိုချမှတ်တဲ့ ပြစ်ဒဏ်က ချုပ်ရက်ထက် နည်းနေတော့ ချက်ချင်းလွတ်ပြီ။ ကျန်တဲ့ အမျိုးသား ၁၂ ယောက်က ပုဒ်မ ၁၄၃ ၊၁၄၅ ၊ ၅၀၅ (ခ) ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတာဆိုတော့ ၅၀၅ (ခ)က ထောင်ဒဏ် ၃လကျ ခံရမယ်။ ပုဒ်မ ၁၄၃ နဲ့ ၁၄၅ ကို တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချတဲ့အတွက် ထောင်ဒဏ် ၂ လပေါ့။ ဒါကြောင့် ၅ လကျခံရမှာဖြစ်တယ်။” လို့ ပြောပါတယ်။ စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့ ၁၅ ဦးထဲက အမျိုးသမီး ၃ ဦးကို ပုဒ်မ ၂ ခု၊ အမျိုးသား ၁၂ ဦးကို ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတဲ့အမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရုံးချိန်းမှာ နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးက စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ ရုံးချိန်းမှာ အမျိုးသမီး ၃ ဦးကို ပုဒ်မ ၁၄၃၊ ၁၄၅ တို့နဲ့ ပြစ်ဒဏ် ၃ လကျခံဖို့ အမိန့်ချက်ခဲ့တာ ဖြစ်ပေမယ့် ချုပ်ရက်ဟာ ပြစ်ဒဏ်ထက်ကျော်လွန်နေတာကြောင့် လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ကျန်တဲ့ အလုပ်သမားခေါင်းဆောင်အပါဝင် ဗကသကျောင်းသားတွေနဲ့ ၀န်းရံသူ ၁၂ ဦးကတော့ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ)တို့ စွဲချက်တင်ထားတာဖြစ်တဲ့အတွက် ပြစ်ဒဏ် ၅ လချခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်တွေ ထုတ်နုတ်ပြီးရင် ရက် ၂၀ လောက် ပြစ်ဒဏ်ခံရဦးမှာဖြစ်ပါတယ်။

More News
Up