Home
မြန်မာသတင်း
မိုင်းလားဒေသတွင် ဝတပ်ဖွဲ့နှင့် အစိုးရတပ်ကြား စစ်ရေးတင်းမာနေ
နော်နိုရင်း
·
October 24, 2016
  မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ UWSA ဝတပ်ဖွဲ့ရဲ့ တပ်ရင်းတွေကို  ဒီကနေ့ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးဆုတ်ခွာပေးဖို့  ရွှေတြိဂံတိုင်းမှူးကတောင်းဆိုထားပြီး ဝတပ်ဖွဲ့ကတော့ ဒီတောင်းဆိုချက်ကို ငြင်းပယ်လိုက်တဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ အမည်မဖော်လိုတဲ့ ဝတပ်ဖွဲ့အရာရှိဦးက ဒီဗွီဘီကို ပြောပါတယ်။ “တြိဂံတိုင်းမှူးကနေပြီးတော့မှ ဝအဖွဲ့ကို မိုင်းလားဒေသမှာ တပ်စွဲထားတဲ့ တပ်ရင်းတွေကို နောက်ဆုတ်ပေးဖို့ ဒီနေ့ ၂၄ ရက်နေ့ နောက်ဆုံးထား နောက်ဆုတ်ပေးဖို့ ကျနော်တို့ ဝဒေသကို စာပို့သွားတယ်။ ဒါကတော့ အထက်အမိန့်မရရင် မဆုတ်နိုင်ဘူးဆိုတဲ့အကြောင်း အောက်ခြေ တပ်မှူးတွေက  အကြောင်းပြန်တယ်လေ။ အဲဒီကနေ စပြီးမှ နည်းနည်းတင်းမာမှုတွေ ရှိတယ်။ ပြီးရင် ကျနော်တို့ ဝတပ်စခန်းတွေရဲ့ နီးနီးနားနားလေးမှာ တိုက်လေယာဉ်တွေ ပျံဝဲနေတာ ၂ ရက်ရှိပြီ။ ကင်းလှည့်နေတာတို့၊ ဓာတ်ပုံရိုက်နေတာတို့၊ သတင်းယူနေတာတို့ အဲလိုမျိုးဖြစ်တော့ နည်းနည်းပိုပြီးမှ တင်းမာသွားတဲ့အခြေအနေမှာ ရှိတာပေါ့။” မိုင်းလားဒေသမှာ ရှိတဲ့ ဝတပ်ဖွဲရဲ့ တပ်စခန်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တည်းက တပ်စွဲထားခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဝတပ်ဖွဲ့နဲ့ အစိုးတပ်အကြား တင်းမာမှုတွေရှိနေချိန်မှာပဲ မိုင်းလားဒေသနဲ့ ဆက်သွယ်ထား တဲ့ ဝမ်တာပင်းနဲ့ မိုင်းယုဂိတ်(၂)ခုကို  အစိုးရတပ်က ဖြတ်သန်းသွားလာမှုကို မနေ့ညနေပိုင်းက စတင်ပိတ်ပင်လိုက်ပါတယ်။ မိုင်းလားဒေက မိုင်းယောင်းဒေသခံ ဦးအိုက်ခမ်းလှိုင်ကတော့ သူတို့ ဖြတ်သန်းသွားလာနေကျ မိုင်းယုဂိတ်ကို မနေ့မွန်းလွဲပိုင်း ၁ နာရီက ပိတ်ခဲ့ပြီး ဒေသခံတချို့ ရေလမ်းဘက်က သွားကြတယ်လို့ ပြောပါတယ်။ “မိုင်းယုမှာ ဂိတ်ပိတ်တာ မနေ့က ၁ နာရီကျော်ကျော်က ပိတ်တယ်။ ဒီနေ့လည်း လှေနဲ့ ဖြတ်သန်းသွားလာတာရှိတယ်။ မိုင်းယုမှာ နမ့်လွေချောင်းဖြတ်တဲ့ တံတားတခုရှိတယ်။ အရင်က လူက တံတားပေါ်သွားလာလို့ရတယ်လေ။ အခုက တံတားကိုပိတ်တဲ့အတွက်  လှေနဲ့သွားကြ တာ။” ရှမ်းပြည်နယ် အစိုးရကိုယ်စားလှယ် ဦးမင်းအောင်ကတော့ အထူးဒေသ ၄ မိုင်းလား MNDAA က ၀မ်တာပင်းနဲ့ မိုင်းယုဂိတ် ၂ ကို အကြောင်းကြားမှု တစုံတရာမရှိဘဲ ဖြတ်သန်းမှုကို မနေ့ညနေပိုင်းက စတင်ကာ ပိတ်ပင်ထားခဲ့တာလို့ ပြောပါတယ်။ ဒါကြောင့် မိုင်းယုဂိတ်မှာ တာဝန်ချထားတဲ့  ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ၀န်ထမ်းတွေကို မိုင်းယောင်းမြို့ကို ပြန်လည်ဆုတ်ခွာဖို့ ညွှန်ကြားထားပေမယ့် ၀မ်တာပင်းဂိတ်က တပ်မတော် စိုးမိုးမှုနယ်မြေမှာ တည်ရှိတဲ့အတွက် ၀န်ထမ်းတွေကို ပြန်လည်ဆုတ်ခွာဖို့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပြောပါတယ်။ မနေ့က ဂိတ်တွေပိတ်လိုက်တဲ့အတွက် မိုင်းလားဒေသဖက်ကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတချို့ပိတ်မိနေတယ်လို့ တာချီလိတ်သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ ကျိုင်းတုံဒေသခံတဦးကိုမေးမြန်းကြည့်ရာမှာတော့ ဂိတ်ပိတ်တာမှန်ကန်ကြောင်းနဲ့ မနေ့က နိုင်ငံခြားသာ ၂၀ လောက်ခေတ္တပိတ်မိခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ “နိုင်ငံခြားသားတွေက ဟိုဖက်ကိုသွားလိုက်တယ်။ ကားတွေပိတ်လိုက်တဲ့အချိန်မှာ သူတို့ပါ ပါသွားသွားတာပေါ့နော်။ အယောက် ၂၀ လောက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် ပြန်လွှတ်ပေး လိုက်တယ်။ လွှတ်ပေးလိုက်တယ်ဆိုတာကလည်း ပိတ်ထားတာပေါ့။ မသွားရဘူး။ ကားလမ်းမပေါ်မှာပဲ။ ဒါပေမယ့် သူတို့ ဒီဘက်ကို မသိလို့လာလည်တာဆိုတဲ့အကြောင်း ပြောလိုက်တော့ အဲဒီအချိန်မှာ ပြန်ပြီးလမ်းဖွင့်ပေးလိုက်တာ။ ပိတ်မိနေတဲ့လူတော့ မရှိဘူး။ အမှန်တော သူတို့ကို ခနလေး  ရပ်လိုက်ပြီးတော့ မသွားခိုင်းတော့တာ။ အခု ဟိုဖက်ကလည်း  ဒီဖက်ကို ကူးလို့မရသလို ဒီဖက်ကလည်း ဟိုဖက်ကို သွားလို့မရတော့ဘူး။ ကျိုင်းတုံနဲ့ မိုင်းလားဒေသဟာ ကားနဲ့ ၄ နာရီနီးပါးသွားရတဲ့ခရီးဖြစ်ပြီး  အခု ပိတ်လိုက်တဲ့ ဂိတ်နှ်စ်ခုက ကြားထဲမှာ ရှိနေတာဖြစ်ပါတယ်။ "ဝ" အထူးဒေသ(၁)နဲ့  အထူးဒေသ(၄) မိုင်းလား အခြေအနေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က  သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်တဲ့  အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူး အစည်းအဝေးမှာလည်း ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024