DVB Logo
Home
မြန်မာသတင်း
ကျောက်ပန်းတောင်းတွင် စစ်ဗိုလ်ဟောင်းက လူသတ် ပစ္စည်းလု
DVB
·
November 3, 2011
Donate to DVB

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ လွန်ခဲ့တဲ့ တပတ်က ဗိုလ်ကြီးဟောင်းတဦးက အရပ်သား လူငယ်တဦးကို သတ်ပြီး ပစ္စည်းယူ​ ထွက်ပြေးသွားတဲ့ အမှုတခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အဖြစ်ပျက်ကတော့ ကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက် ဦးသန့်ဇင် ဒေါ်ရီရဲ့သား မောင်သန့်ဇင်ထွန်းကို မောင်သန့်ဇင်ထွန်းနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဗိုလ်ကြီးဝေယံလင်းက ခေါ်သွားပြီးတော့ ကျနော်တို့ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးအထွက် မီးသွေးတောင့် စက်ရုံလေး ရှိတဲ့ မျက်နှာချင်းဆိုင် တောထဲမှာ သတ်ပစ်ပြီးတော့ အလောင်းမြှုပ်ထားတယ်။ အလောင်းမြှုပ်ထားပြီးတော့ ရန်ကုန်ကို ထွက်သွားတယ်။ သန့်ဇင်ထွန်းဆီမှာပါတဲ့ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်တွေ ယူသွားတယ်။ ဆိုင်ကယ်ယူသွားတယ်။ သန့်ဇင်ထွန်းရဲ့ ဟန်းဖုန်းပါ ယူသွားတယ်။”

မောင်သန့်ဇင်ထွန်းရဲ့ မိဘတွေက သားပျောက်နေလို့ ဖုန်းဆက်တော့ ဖုန်းပိတ်ထားပါတယ်။ ပျောက်ဆုံးပြီး နှစ်ရက်အကြာမှာ မိဘတွေက ကျောက်ပန်းတောင်းရဲစခန်းမှာ သားပျောက်ဆုံးကြောင်း တိုင်ချက်ဖွင့်ခဲ့ကြပါတယ်။

ဒီရက်ပိုင်းမှာပဲ သူကျိုက်ထီးရိုးဘုရားဖူးသွားနေလို့ ခရီးလွန်နေတဲ့ အကြောင်းနဲ့ ပြန်လာဖို့ လမ်းစရိတ် ကျပ်တသိန်း ခွဲပို့ပေးဖို့ မောင်သန့်ဇင်ထွန်း ဖုန်းကနေ မက်ဆေ့ အကြောင်းကြားစာ ပို့လာခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ဗုဒ္ဓဟူးနေ့မှာတော့ ကျောက်ပန်းတောင်မြို့အထွက်က မီးသွေးတောင့် စက်ရုံအနား ပုပ်စော်နံလို့ ၀ိုင်းဝန်း တူးဖော်ကြည့်ကြတဲ့အခါ မောင်သန့်ဇင်ထွန်းရဲ့ ရုပ်အလောင်းကို ရုပ်ပျက်ဆင်းပျက် တူးဖော်တွေ့ရှိခဲ့ကြတယ်လို့ မြို့ခံက ပြောပါတယ်။

အဲ့ဒီအချိန်နဲ့ မရှေးမနှောင်းမှာဘဲ မောင်သန့်ဇင်ထွန်းရဲ့ မိဘတွေ သတင်းပေးပို့ချက်အရ ရန်ကုန်မြို့က ရိုးမဘဏ်ရုံးချုပ်မှာ ငွေတသိန်းခွဲလာထုတ်တဲ့ ဝေယံလင်းကို သက်ဆိုင်ရာက ဖမ်းမိလိုက်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျောက်ပန်းတောင်း ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ခုလိုပြောပါတယ်။

“လူသတ်မှုနဲ့ အရေးယူထားပါတယ်ခင်ဗျာ။”

သူက လက်ရှိစစ်ဗိုလ်ပဲလား ဝေယံလင်းက။

“မဟုတ်ပါဘူးခင်ဗျာ။ စစ်တပ်က ထွက်ပြီးသားပါခင်ဗျာ။”

ပုဒ်မ ဘယ်လောက်လို့ ပြောလို့ ရမလဲ။

“လူသတ်မှု ဆိုတော့ ၃၀၂ ပါခင်ဗျာ။”

အခု သူက ရန်ကုန်မှာပဲလားခင်ဗျ။

“ရန်ကုန်မှာပါ၊ ကျနော်တို့ ကျောက်ပန်းတောင်းရဲတွေ သွားဖမ်းပါတယ်ခင်ဗျာ။ ဖမ်းတော့ ဖမ်းထားပါပြီခင်ဗျာ။”

ကျောက်ပန်းတောင်းမြို့က လူငယ်တွေအကြားမှာ​ ယာဘအပါအ၀င် မူးယစ်ဆေးဝါး သုံးစွဲတာတွေ များနေပြီး မူးယစ်ဆေးနဲ့ ပတ်သက်​ ဆက်နွှယ်နေတဲ့ မှုခင်းတွေလဲ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013