DVB Logo
Home
မြန်မာသတင်း
အစိုးရက ကေအိုင်အိုကို ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်း
DVB
·
November 3, 2011
အစိုးရက ကေအိုင်အိုကို ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်း
Donate to DVB

ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး အောက်တိုဘာ ၂၉ ရက်နေ့က တိုင်းရင်းသား​ရေးရာနှင့်​​ ​ပြည်တွင်း ငြိမ်းချမ်းရေး​ဖော်ဆောင်မှု​ ​ကော်မတီ ဥက္ကဋ္ဌ​ ဦးသိန်းဇော်က​ ​ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ရန် ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီကမ်းလှမ်းချက်ထဲမှာ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းနေတဲ့​ အခြေအနေကို တားဆီးဖယ်ရှားနိုင်ရေး​ အတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရန်၊ အခုဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကြောင့် စစ်မက် အပြင်းအထန် ပေါ်ပေါက်လာမယ် ဆိုတဲ့အချက်တွေ ပါဝင်နေပါတယ်။

စစ်မက်အပြင်းအထန် မပေါ်ပေါက်မီ ငြိမ်းချမ်းရေးပြုလုပ်ဖို့ ဦးဇောင်းဟရား အနေနဲ့ ဦးသိန်းဇော်နဲ့ လက်တွဲဆောင်ရွက်ဖို့ စာမှာ ကမ်းလှမ်းခဲ့တာလို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

ဒီကမ်းလှမ်းစာအပေါ် ကေအိုင်အိုအနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့က ပြန်လည် တုံ့ပြန်ခဲ့ရာမှာ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွနဲ့ အစပြုလို့  ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လိုကြောင်း စတဲ့အချက်ပါစာကို ဦးသိန်းဇော်ဆီ  ပြန်လည်ပေးပို့ခဲ့တယ်လို့ ဦးလနန်းက အခုလို ပြောပါတယ်။

“သူရေးထားတာက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်နိုင်ရေး ဆိုပြီး ရေးထားတယ်။ အမှန်တကယ် ကျနော်တို့ ဒီအဖွဲ့အစည်းကတော့​ ​ပြည်နယ်အဆင့်တွေနဲ့တွေ့တာ သုံးကြိမ်ရှိသွားပြီ။ ဒါပေမယ့် ဘာမှ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တခုကိုမှ အကောင်အထည် ပေါ်လာတာမျိုး ဆုံးဖြတ်ချက်ချနိုင်တာမျိုး မရှိသေးဘူး။ ဒါက ဦးသိန်းဇော်ရေးလာတဲ့စာပါ။

“အဲ့လို စာရေးလာတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ဦးသိန်းဇော်ကို စာပြန်ကြားလိုက်တယ်။ အဲဒီစာကတော့ ကျနော်တို့ ကေအိုင်အိုရဲ့ သဘောထားပါပဲ။ အဲဒီထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား​အရေး​​ ​ဖြေရှင်းနိုင်ဖို့နဲ့ တန်းတူအရေးကို  အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်သင့်တယ်ဆိုတဲ့ဟာကို ကျနော်တို့ အကြံပြုထားတယ်။ နောက်တခုကတော့ အခုနိုင်ငံတော်အစိုးရ အသစ်အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးများကို နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့ ဆန္ဒရှိကြောင်း၊ ခိုင်ခိုင်မာမာ ဖော်ပြပြီးတော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆိုတဲ့အကြောင်း အဲဒါက ကျနော်တို့ အကြံပြုတဲ့​ အချက်တွေပါ။

“ပြည်တွင်းမှာဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို နိုင်ငံရေးနဲ့ မဖြေရှင်းဘဲနဲ့ စစ်ရေးနဲ့ ဖြေရှင်းတဲ့အတွက်ကြောင့် ပြည်တွင်းစစ်ဟာ ကာလကြာရှည်မယ်၊ ထာဝရတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကလည်း မရဘူး။ ဒါကတော့ နိုင်ငံရေးနဲ့​ မဖြေရှင်းတဲ့​ အတွက်ကြောင့် ဖြစ်တယ်ဆိုတဲ့​ အကြောင်းတွေပါ။ နောက်ဆုံးတခုကတော့ ဒီပြည်ထောင်စုအရေး​ ဆိုတာက တိုင်းရင်းသားအရေး၊ နိုင်ငံသား​ အားလုံးနဲ့ သက်ဆိုင်တဲ့အရေး ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်းတရားများကို သေချာစွာ သုံးသပ်ပြီးတော့ နိုင်ငံရေး ​တွေ့ဆုံဆွေးနွေးရေးကို​ ​ပြည်ထောင်စုအဆင့် တပြေးညီ ဆောင်ရွက်သင့်တဲ့ အကြောင်းကို ပြန်ကြားထားတယ်။”

ဦးသိန်းဇော်တို့ ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာ ရှမ်းအထူးဒေသ (၂) ဝအဖွဲ့၊ ရှမ်းပြည် အထူးဒေသ (၄) မိုင်းလားအဖွဲ့တို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ စတင်နေကြောင်း၊ အခြားကေအင်ယူ၊ ဒီကေဘီအေ၊ အက်စ်အက်စ်အေ စတဲ့အဖွဲ့တွေနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ ရှိနေကြောင်း ဖော်ပြထားပြီး ကေအိုင်အိုအနေနဲ့လည်း အလားတူလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဦးသိန်းဇော်က ငြိမ်းချမ်းရေး​ဆွေးနွေးဖို့ အခုလို ကမ်းလှမ်းပေမယ့် ကေအိုင်အေ နယ်မြေတွေမှာတော့ တပ်တွေ တိုးချဲ့တာတွေ ရှိနေတဲ့အတွက်​ ​ကေအိုင်အိုနဲ့​​ ​မြန်မာအစိုးရတပ်တွေအကြား နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဦးလနန်းက ပြောပါတယ်။

ကချင်ပြည်နယ်ထဲကို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေချိန်မှာ အခုလို တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းနေတဲ့အပေါ် ဦးလနန်းက အခုလို ဝေဖန်ပါတယ်။

“ဒီ ၂၉ ရက်နဲ့ ဦးသိန်းဇော် ရေးတဲ့ ပေးပို့တဲ့နေ့မှာပဲ ကျနော်တို့ရဲ့ ကချင်ဒေသ ရှေ့တန်းတွေမှာ သူတို့ chemical weapon (ဓာတုလက်နက်) စပြီး အသုံးပြုလာတယ်ခင်ဗျ။ ၂ နေရာ ၃ နေရာလောက် စပြီး အသုံးပြုလာတယ်။ နောက်ပြီးတော့ သူရေးသားပေးပို့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ မကွေးမှာရှိတဲ့ တပ်မ ၈၈ ကို စပြီးတော့ ကချင်ပြည်နယ်ကို လွှတ်နေကြပြီ။ မနေ့ည သန်းခေါင်မှာ အဲဒီ တပ်မ ၈၈ တပ်ဖွဲ့ဝင်တချို့ မြစ်ကြီးနား ရောက်နေကြပြီ။ သူက ရေးတာဘာလဲဆိုတော့ ဒီ နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာရအောင် လုပ်တဲ့ ကိစ္စတခုပါ။ ဘာကြောင့်လဲ ဆိုတော့ အခုအချိန်မှာ သူတို့အတွက် အလွန်ပဲ အရေးကြီးတဲ့ ကိစ္စတခုကတော့ အာဆီယံဥက္ကဋ္ဌ နေရာရယူရေးအတွက် သူတို့ ကြိုးပမ်းနေတဲ့အချိန်လို့ ပြောလို့ ရတယ်။ ဒီအချိန်မှာပဲ အာဆီယံ ဥက္ကဋ္ဌနဲ့ ပတ်သက်ပြီးတော့ လေ့လာဆုံးဖြတ်မယ့် သံတမန် ပုဂ္ဂိုလ်တွေလည်း ရောက်နေတယ်။ နောက်ပြီးတော့ ယူအန်က အထူးကိုယ်စားလှယ်လည်း ရောက်နေတယ်။ အမေရိကန်ကလည်း ရောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့ သံတမန်လောကထဲမှာ သူတို့က ဘာပြချင်လဲဆိုတော့ နိုင်ငံတော်အစိုးရက လက်နက်ကိုင်​ အင်အားစုတွေနဲ့​ဆက်သွယ်ပြီးတော့​ ​ဒေ​သ​တည်ငြိမ်​ ​အေးချမ်းဖို့အတွက် သူတို့ ကြိုးစားနေပါတယ် ဆိုတဲ့အနေနဲ့ ဖော်ပြချင်တဲ့ အပိုင်းတခုပါ။

“ဒါပေမယ့် အဲဒီစာရေးပေမယ့် တဖက်မှာ စစ်ရေးအနေနဲ့ တပ်တွေ၊ တပ်မတွေ လွှတ်နေတာ ရှိတယ်။ အခု တပ်မ ၇၇ လည်း သူတို့ လိုအပ်ရင် လိုအပ်သလို ဒီဘက်တက်လာ အစီအစဉ် အဆင်သင့် လုပ်နေတယ်လို့ အခိုင်အမာ သတင်းရတယ်ခင်ဗျ။ ဒါကြောင့်မို့ သူတို့ လုပ်တဲ့ ကိစ္စက ဘာလဲဆိုတော့ အမှန်တကယ်လည်း နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဆန္ဒလည်း မရှိဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စလည်း သူတို့ အပေါ်ယံပြောနေတာ ဖြစ်တယ်။ တဖက်မှာတော့ စစ်ရေးပြင်ဆင်မှုတွေ နောက် ဓာတုလက်နက်သုံးလာတဲ့ ဟာတွေက အရှိန်မြှင့်လာတယ်ခင်ဗျ။ ဒါကြောင့် သူတို့က သူတို့ရဲ့စာ ပေးပို့တဲ့ အပေါ်မှာ ဘာမှ မျှော်လင့်ချက်ကတော့ မရှိပါဘူး။ မျှော်လင့်စရာလည်း ဘာမှ မရှိပါဘူးခင်ဗျ။ သူတို့ရဲ့တပ်တွေ လှုပ်ရှားမှု ရှိတဲ့အခါတိုင်းမှာ တိုက်ပွဲတွေကတော့ ရှိနေဆဲပါ။ တိုက်ပွဲက လျော့သွားတာမျိုးတော့မရှိဘူး။ သူတို့ရဲ့ တပ်လှုပ်ရှားမှု ရှိတဲ့အလျောက် တိုက်ပွဲကတော့ ရှိတယ်။ သူတို့တပ် လှုပ်ရှားမှုလျော့ရင် အဲဒီနေ့မှာ တိုက်ပွဲအရေအတွက်က လျော့မယ် အဲဒီလိုပါ။ မနေ့ကလည်း ဖြစ်တာပဲ။ နေ့စဉ် ရက်ဆက် တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မဟာ ၄ ဘက်မှာလည်း မနေ့ကစပြီးတော့ တပ်ရင်း ၃၆၊ ၃၈ ဘက်မှာ တိုက်ပွဲတွေက အပြင်းအထန် ရှိတယ်ခင်ဗျ။”

ကေအိုင်အိုနဲ့ အစိုးရတပ်တို့  အပစ်ရပ်စဲရေးလုပ်ခဲ့တဲ့ ၁၇ နှစ်တာကာလအတွင်း ဒေသအတွင်းက မြေပေါ်မြေအောက် သယံဇာတတွေကို တရုတ်ဘက်က ဈေးပေါပေါပေးပြီး သယ်ထုတ်သွားလို့ တရုတ်ဘက်ကသာ အကျိုးရှိသွားတယ်လို့ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

ကေအိုင်အိုနဲ့ မြန်မာအစိုးရ တပ်တွေအကြား အခုနှစ်၊ ဇွန်လဆန်းပိုင်းကစလို့ အပစ်ခတ် ရဲစဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲတွေ ​ ​ဖြစ်နေချိန်မှာပဲ ​ကေအိုင်အိုဌာနချုပ်၊ လိုင်ဇာအနီးက လဂျားယန်ကျေးရွာမှာ နှစ်ဘက်အကြား အပစ်ခတ်ရပ်စဲရေး အတွက် ဇွန် ၃ဝ ရက်နေ့တကြိမ်၊ ဩဂုတ်လ ၁ ရက်နဲ့​​ ၂ ရက်က တကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

အဲဒီ​ ​ဆွေးနွေးပွဲကနေ သဘောတူညီ ချက်မရရှိဘဲ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဆက်ပြီး ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013