ထိုင်းဘုရင်ကြီးအတွက် ရည်စူးပြီး မြန်မာအလုပ်သမားများ သွေးလှူဒါန်း
DVB
·
October 23, 2016
နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောအတွက် ရည်စူးပြီး ရွှေ့ပြောင်းမြန်မာတချို့ အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ပြီး ထိုင်းကြက်ခြေနီအသင်းတွေမှာ သွေးလှူဒါန်းနေကြပါတယ်။
ဘန်ကောက်၊ ချင်းမိုင်၊ ဖူးကတ်၊ ပတရား စတဲ့မြို့တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့က နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အတွက် ရည်စူးပြီး သွေးလှူဒါန်းနေကြတာ ဖြစ်ပါတယ်။
မနေ့က အယောက် ၄၀ လောက် လှူဒါန်းခဲ့ကြပြီး နောက်ထပ်လည်း လာရောက် လှူဒါန်းချင်သူတွေ ထိုင်းကြက်ခြေနီအသင်းဌာနတွေကို သွားရောက် လှူဒါန်းလို့ရတယ်လို့ ဦးဆောင်သူတဦးက ပြောပါတယ်။
ထိုင်းကြက်ခြေနီအဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းက အခြေခံလူတန်းစား များသောအားဖြင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အားထား ကုသနေရတဲ့ ထိုင်းဘုရင့်ဆေးရုံတွေကို လိုအပ်တဲ့ သွေးတွေ ကူညီပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။
ထိုင်းဘုရင် တည်ဆောက်ပေးထားတဲ့ ဆေးရုံတွေဟာ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် မှီခိုအားထားရာနေရာ ဖြစ်နေတဲ့အတွက် ထိုင်းဘုရင် ဘူမိဘောကို ကျေးဇူးအထူးတင်သလို ခုလို နတ်ရွာစံသွားတဲ့အတွက် ထိုင်းနိုင်ငံသားတွေလိုပဲ ထပ်တူဝမ်းနည်းမိတယ်လို့ သွေးလှူဒါန်းရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဂျော်နီက ပြောါပတယ်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမား သန်းနဲ့ချီရှိပြီး အရင်ကလည်း ထိုင်းဘုရင်ကြီး မွေးနေ့တွေမှာ ဘောလုံးအားကစားပွဲ ယှဉ်ပြိုင်တာနဲ့ သွေးလှူဒါန်းတာတွေ လုပ်ခဲ့ဖူးပါတယ်။
ထီးနန်းနှစ်သက် ၇၀ ရှိတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အသက် ၈၈ နှစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ၇က်နေ့မှာ နတ်ရွာစံခဲ့တာ ဖြစ်ပါတယ်။