DVB Logo
Home
မြန်မာသတင်း
ပြည်သူအရည်အချင်းမြှင့်တင်မှ နိုင်ငံစီးပွား တိုးတက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
October 22, 2016
ပြည်သူအရည်အချင်းမြှင့်တင်မှ နိုင်ငံစီးပွား တိုးတက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
1 / 7
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့စီးပွားရေးတိုးတက်ဖို့ တခုတည်းသောနည်းလမ်းက ပြည်သူပြည်သားများရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ဖြစ်ပြီး လတ်တလော အစိုးရသစ်လက်ထက်တော့ စီးပွားရေးတိုးတက်မှု မရှိခဲ့ဘူးလို့ ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့လုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖြွံ့ဖိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခမ်းအနားမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျမတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမယ့်အချက် တချက်တည်း ပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာကို ကျမ သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါ ကျတော့ ကျမ ခေါင်းထဲ ပေါ်လာတာက တကယ် ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးအချက်ကတော့ ကျမတို့ ပြည်သူပြည်သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ ဖြစ်တယ်။ ကျမတို့ မျှော်မှန်းသလောက် ပထမ ၆ လမှာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူး ဆိုတာတော့ ကျမ ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံချင်ပါတယ်။”

တရားဥပဒေစိုးမိုးမှုရှိမှ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းများကို လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်နိုင်ကြမယ်ဖြစ်တယ်၊ ဒါ့ကြောင့် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေး ဆိုတာနဲ့ ဘောင်ခတ်ထားတာ မဟုတ်ဘူးလို့လည်း သူက ရှင်းပြသွားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို အခွန်ထမ်းထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် ၁၅၈ ဦး အပါအ၀င် စီးပွားရေးအသင်းအဖွဲ့များက ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး တက်ရောက်လာတဲ့ လုပ်ငန်းရှင်များကလည်း အစိုးရရဲ့ စီးပွားရေးမူဝါဒနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့  ပိုပြီး ရှင်းရှင်းလင်းလင်းရှိတဲ့ ပွဲတခုလို့ ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်တဲ့ ပွဲတခုလို့တော့ သတ်မှတ်လို့ရတယ်၊ နောက် ဒီပွဲကလည်း ဒီပွဲတခုထဲ မဟုတ်ဘဲနဲ့ မကြာမီမှာလည်း ဒီပွဲမျိုးကို ဆက် ဆက်ပြီးတော့ ကျင်းပသွားဦးမယ် ဆိုတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ ပလက်ဖောင်းတခု လုပ်ငန်းစဉ်တခုကို အကောင်အထည်ဖော်နိုင်တာတွေ့တဲ့အတွက် ကျနော့်အနေနဲ့ ကောင်းတယ်လို့ မျှော်လင့်တယ်။”

အစိုးရအနေနဲ့ အဂတိလိုက်စားမှုကို သည်းညည်းမခံတဲ့အတွက် အဂတိကင်းဖို့ လုပ်ငန်းရှင်တွေကလည်း အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မနက်ပိုင်းတွေ့ဆုံမှုအပြီး မွန်းလွဲပိုင်းမှာတော့ မြန်မာလူငယ်စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များနဲ့ ဆက်လက် တွေ့ဆုံ ဆွေးနွေးပါတယ်။

ဓာတ်ပုံ - နေဖြိုးဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013