မောင်တောဒေသခံ ၃၀၀ ခန့် နေရပ် ပြန်ပို့
DVB
·
October 22, 2016

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒေသခံ ၃၀၀ လောက်ကို သူတို့ဆန္ဒအရ နေရပ် ပြန်ပို့ပေးခဲ့တယ် လို့ မြ၀တီသတင်း မှာ ဖော်ပြပါတယ်။
အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် မောင်တောမြို့၊ အောင်မြေဗောဓိသာသနာ့ရိပ်သာ ကျောင်းတိုက်မှာ ခေတ္တတိမ်းရှောင် နေထိုင်လျက် ရှိတဲ့ ဖားဝပ်ချောင်းကျေးရွာ၊ ဥဒေါင်းကျေးရွာ၊ မောရ၀တီကျေးရွာ၊ သရေကုန်းဘောင်ကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ ကန်သာယာကျေး ရွာ၊ ပြားသားကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့မှ ဒေသခံတိုင်းရင်းသားပြည်သူ များမှ နေရပ်သို့ပြန်လည်နေထိုင်ရန် ဆန္ဒပြုတဲ့ တိုင်းရင်းသားပြည်သူများအား အောက်တိုဘာ ၁၉ ရက်မှစပြီး သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်လည်ပို့ဆောင် ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒေသခံတိုင်းရင်းသား အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ စုစုပေါင်း ၄၀၉ ဦး အနက် နေရပ်ပြန်ဖို့ ဆန္ဒပြုတဲ့ အိမ်ထောင်စု ၄၁ စု၊ လူဦးရေစုစုပေါင်း ၁၆၁ ဦးတို့ကို အောက်တိုဘာ ၁၉ ရက်မှာ လည်းကောင်း၊ အိမ်ထောင်စု ၄၃ စု၊ လူဦးရေ စုစုပေါင်း ၁၃၆ ဦးတို့ကို အောက်တိုဘာ ၂၀ ရက်တွင်လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာတော့ လတ်တလော အကြမ်းဖက်တိုက်ခိုက်ခံရမှာကြောက်လို့ ထွက်ပြေးလာသူပေါင်း ၁၀၀၀ကျော် ရှိနေပြီးဒီအတောအတွင်း ပြည်နယ်အစိုးရက ပြည်နယ်အတွင်း လုံခြုံရေးဂိတ် ၃၀လောက် ထပ်တိုးချနေတယ်လို့ ပြောလိုက်ပါတယ်။