အမြန်ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း အစိုးရ ထုတ်ပြန်
DVB
·
October 21, 2016
အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြုပ်ပြီး သေဆုံးခဲ့သူများရဲ့ မိသားစုများနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲပါကြောင်း အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အစိုးရအဖွဲ့ကြေညာချက်ထဲမှာ "ဖြစ်စဉ်၌ သေဆုံးခဲ့သူများ၏ မိသားစုများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲပါကြောင်း၊ အသက်ဆုံးရှုံးခဲ့သည့် ခရီးသည်များအတွက် သက်ဆိုင်ရာဌာနများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယင်းဖြစ်စဉ် ဖြစ်ပွားမှုအပေါ် စနစ်တကျ စစ်ဆေး၍ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးမှာ ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာခဲ့တဲ့ ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန် ရေယာဉ်တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။
ရေယာဉ်နစ်မြုပ်မှုအတွင်း ခရီးသည် ၁၆၀ လောက် ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၇၀ ကျော် ဆယ်ယူရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။