Home
မေးမြန်းခန်း
တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေ၊ တိုင်ကြားစာများနှင့် အသနားခံစာများ စိစစ်ရေးကော်မတီကို မေးမြန်းချက်
DVB
·
October 20, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားနေတဲ့ မှုခင်းတွေ၊ တရားဥပဒေစိုးမိုးရေးတွေနဲ့ ပတ်သက်ပြီးတော့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးတွေနဲ့ပတ်သက်ပြီးတော့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး တိုင်ကြားစာများနဲ့ အသနားခံစာများ စိစစ်ရေးကော်မတီက အတွင်းရေးမှူးဖြစ်တဲ့ ဦးတင်ဝင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပထမဦးဆုံးအနေနဲ့ အဘ တာဝန်ယူထားတဲ့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး တိုင်ကြားစာများနဲ့ အသနားခံစာတွေ စိစစ်ရေးကော်မတီက လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်းတာဝန်တွေကို ပြောပြပေးပါ အဘ။

ဖြေ - အန်ကယ်တို့ ကော်မတီက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံခဲ့ရပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားတဲ့အခါမှာ တရားဥပဒေစိုးမိုးရေးကော်မတီဆိုတာ အဲဒီကတည်းက စဖွဲ့ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေပြီးတဲ့အခါမှာတော့ တိုင်းနဲ့ပြည်နယ်အားလုံး ပြည်သူ့လွှတ်တော်မှာလည်း ဖွဲ့တယ်။ အန်ကယ်တို့အဖွဲ့ရဲ့ နာမည်ကတော့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်ကြားစာများနဲ့ အသနားခံစာများ စိစစ်ရေးကော်မတီလို့ ခေါ်တယ်။ အဲဒါကို အန်ကယ်တို့ဆီမှာ ၁၁ ယောက်နဲ့ ဖွဲ့ထားပါတယ်။ ၁၁ ယောက်မှာ ဥက္ကဋ္ဌက ဦးမြင့်လွင်ပေါ့နော်။ ဦးမြင့်လွင်က မြောက်ဥက္ကလာမဲဆန္ဒနယ်ကပါ။ အန်ကယ်ကတော့ အတွင်းရေးမှူးပေါ့ကွယ်။ အဲဒီထဲမှာ တပ်မတော်သားကိုယ်စားလှယ် နှစ်ယောက်လည်း ပါပါတယ်။ သူတို့နဲ့ ဖွဲ့စည်းပြီးတော့ အန်ကယ်တို့ လုပ်ရတဲ့ အလုပ်တွေကတော့ အခုလောလောဆယ်မှာ လုပ်နေတာက တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတဲ့ဟာကို လုပ်နေတယ်။ တခြားဟာက တိုင်ကြားစာများနဲ့ အသနားခံစာများ စိစစ်ရေးကော်မတီ ဆိုတာက စိစစ်ရေးကိစ္စတွေကိုတော့ အန်ကယ်တို့က လွှတ်တော်မှာ လုပ်တယ်။ အသနားခံစာ ဆိုတာကတော့ တချိန်တုန်းက ဒီဌာနဆိုင်ရာတွေကနေ ပြစ်ဒဏ်အနေနဲ့ပေါ့နော်။ အပြစ်ပေးခံရတာတွေ၊ အလုပ်ထုတ်ခံရတာတွေ ရှိတယ်။ တချို့က မြေကွက်တွေ ဆုံးရှုံးသွားတာ ရှိတယ်။ ပြန်ရချင်လို့ အသနားခံစာတင်ပြီးတော့ ပြန်လျှောက်တာပေါ့နော်။ အဲဒီကိစ္စတွေကို အန်ကယ်တို့ကော်မတီက လုပ်ပါတယ်။

 မေး - ဟုတ်ကဲ့ရှင့်။ ဒုတိယတခုကတော့ လွှတ်တော်ကလည်း ဒုတိယအကြိမ် သက်တမ်းမှာကရော အဘတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ အဓိက ဘာတွေ လုပ်ဆောင်မလဲဆိုတာ ပြောပြပေးပါဦး။

 ဖြေ - ဒုတိယသက်တမ်းမှာတော့ အန်ကယ်တို့က ရန်ကုန်တိုင်းမှာ ၄၄ မြို့နယ် သွားရတာပေါ့နော်။ ကိုကိုကျွန်း မပါပေါ့။ အဲဒါကို အန်ကယ်တို့ သွားတဲ့မြို့နယ်တိုင်းမှာ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းတွေကို အန်ကယ်တို့ သွားရောက်ပြီးတော့ တွေ့ဆုံရတယ်။ သွားရောက်စစ်ဆေးတာ မဟုတ်ဘူး။ သူတို့လိုအပ်ချက်တွေ ဘာတွေ ရှိမလဲဆိုတာ ပုံစံနဲ့။ ဖမ်မလီယာတိုက်ပ်ပေါ့နော်။ ပထမဆုံးအကြိမ် စပြီး သွားနေတာ။ ၃၈ မြို့နယ် ရှိသွားပြီ။ နောက်ထပ် ၆ မြို့နယ်ပဲ ကျန်တော့တာပေါ့နော်။ အဲဒါက အန်ကယ်တို့ အရင်တုန်းက လွှတ်တော် နားထားတဲ့အချိန်မှာ စီစဉ်တာကတော့ တနင်္လာ၊ အင်္ဂါ နှစ်ရက်ကို အပတ်တိုင်း သွားတယ်။ လွှတ်တော်ရှိနေတဲ့အခါကျတော့ တရက်ပဲ သွားလို့ရတယ်။ ကြားထဲမှာ နောက်ထပ်ရက်တွေ ပြန်ပြောင်းပစ်ရတာတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေ သွားလုပ်နေပါတယ်။

 မေး - အဘတို့ အခုလို သွားရောက်ဆွေးနွေးတဲ့အခါကျတော့ သူတို့မှာ ဘာတွေ လိုအပ်ချက်တွေ ရှိတာ တွေ့လာရလဲ။ သူတို့ဘက်ကရော ဘာတွေ တင်ပြလဲ ပေါ့နော်။

 ဖြေ - အန်ကယ်တို့က ဥပမာ ဆိုပါစို့ကွယ်။ တရားရုံးတခုကို ဝင်တယ် ဆိုပါတော့။ တရားသူကြီးရဲ့ အမှုတွေ ဘယ်နှမှုလောက် ရှိလဲ။ ၂၀၁၄ က အမှုတွေ ကျန်သေးလား။ ဘာဖြစ်လို့ ကျန်ကျန်နေတာလဲ။ ကျန်နေရတဲ့ အကြောင်းလေးတွေ ရှင်းပြပါ။ နောက်တခုက သူတို့ရဲ့ လိုအပ်ချက်တွေပေါ့နော်။ အန်ကယ်တို့ ဖြစ်ချင်တာချည်းပဲ သူတို့ကို သွားပြောလို့မရဘူး။ ဒါတွေက သက်ဆိုင်ရာ တရားသူကြီးချုပ်ကလည်း သူတို့ကို တရားစီရင်ရေးနဲ့ပတ်သက်ပြီး တရားစီရင်ရေးမှာ လွတ်လပ်စွာ တရားစီရင်နိုင်တယ်ပေါ့။ အဂတိတရားမကင်းဘဲ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိတယ်။ ဒါတွေနဲ့ပတ်သက်လို့ ဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်ဖို့ အန်ကယ်တို့က အကြံပြု တင်ပြတာပါ။ တရားသူကြီးချုပ်က သူတို့ကို ဒါတွေ ညွှန်ကြားထားပြီးဖြစ်တဲ့အတွက် သူတို့လည်း လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဆိုတာကို ပြောပြပါတယ်။ ဒါက တချက်ပေါ့။ သူတို့ရဲ့ လုပ်ရမယ့်ကိစ္စတွေကို အန်ကယ်တို့က alert လုပ်ပေးပေါ့။ နှိုးဆော်ပေးတာပေါ့။ မေ့လျော့နေတာ၊ ထိထိရောက်ရောက် မလုပ်သေးတာရှိရင် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ဆိုပြီးတော့ အန်ကယ်တို့က ပြောပြတယ်။ နောက်တခုကတော့ သူတို့မှာ တချို့အမှုတွေ ကြန့်ကြာတဲ့အကြောင်းအရင်းက တရားသူကြီး မလုံလောက်တာ။ မလုံလောက်တဲ့အခါကျတော့ ဥပမာ တရားသူကြီး ၄ ယောက် ရှိရမယ့်နေရာမှာ ၂ ယောက်ပဲ ရှိရင် အဲဒီ ၂ ယောက်က အမှုတွေ ခွဲလုပ်ရတဲ့အခါမှာ အမှုတွေက မပြီးပြတ်တာတွေ ကြာတယ်။ နောက်တခုက တရားလို၊ တရားခံတွေ၊ သက်သေတွေပေါ့နော်။ ရုံးချိန်းတိုင်းမှာ ပုံမှန်မလာတာတွေ ပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ အန်ကယ်တို့ကို တင်ပြတာတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့ အန်ကယ်တို့ ကော်မတီအစည်းအဝေး ပြန်ထိုင်ပြီးတဲ့အခါမှာ ပြန်ပြီးတော့ အကြံဉာဏ်တွေ ပြန်တင်ပေးမယ်။ နောက်တခုကတော့ ဒါကတော့ သူတို့ လုပ်ကိုင်ဆောင်ရွက်ရမယ့်ဟာတွေနဲ့ ပတ်သက်ပြီး ပြောတာ။ သူတို့ လိုအပ်ချက်တွေ ဘာတွေ လိုအပ်လဲ။ ဥပမာ တရားသူကြီး ၂ ယောက် လိုနေတယ်။ ဝန်ထမ်းအင်အား မပြည့်ဘူး။ တရားရုံးက မကောင်းဘူး။ ရေတွေ မြုပ်နေတယ်။ မျက်နှာကြက်တွေက ကွာကျနေတယ်။ ခေါင်မိုး မလုံဘူး စတဲ့ဟာတွေလည်း အန်ကယ်တို့ မှတ်သားထားခဲ့တယ်။ အဲဒီလိုပဲ ဥပဒေရုံးကို အန်ကယ်တို့ သွားတဲ့အခါ ပြောတယ်။ ရဲစခန်းမှာကျတော့ ပိုပြောတယ်။ မြို့နယ်တခုမှာ တရားရုံး ဆိုတာက သီးခြားလွတ်လပ်စွာ စီရင်ပိုင်ခွင့်ပေးထားတာ ဖြစ်တယ်။ ဥပဒေရုံးနဲ့ ရဲစခန်းကတော့ အန်ကယ်တို့ရဲ့ အုပ်ချုပ်ရေးအောက်မှာ ရှိတယ်။ ဆိုလိုတာကတော့ အစိုးရရဲ့အောက်မှာ ရှိတယ်ပေါ့နော်။ အဲဒီတော့ ပြောရဆိုရတဲ့အခါတွေမှာ တချို့ဟာတွေက မတူဘူး။ ဥပဒေရုံးဆိုရင် ဘာလုပ်ပေးရလဲဆိုတော့ ရဲစခန်းကနေ တင်ပေးလိုက်တဲ့ အမှုတခုကို သူတို့ကနေပြီးတော့ ပြည့်စုံတယ်၊ မပြည့်စုံဘူး သူတို့က မှတ်ချက်ပေးပြီးတော့ ပြန်ချပေးရတယ်။ အဲဒီလိုကျတဲ့အခါကျမှ တရားစွဲခွင့်ရတယ်။ ဒါ ရဲစခန်းကနေ စွဲဆိုရတဲ့အမှုတွေတချို့ပေါ့။ ရဲအရေးပိုင်တဲ့ အမှုကတော့ သူ့ဟာသူ  တိုင်းရုံးကို တိုက်ရိုက်တင်တာ ရှိတယ်။ ရုံးကို ဦးတိုက်လျှောက်တာတွေ ရှိတယ်။ အဲဒီဟာအပေါ်မှာပဲ တရားရုံးက စီရင်ဆုံးဖြတ်ရတာပေါ့နော် ဥပဒေနဲ့အညီပေါ့။ ရဲစခန်းကျတော့လည်း ရဲစခန်းမှာ နာမည်ပျက်တဲ့၊ တရားရေးမဏ္ဍိုင် ယိမ်းယိုင်တယ်ဆိုတဲ့ ကိစ္စတွေမှာ ရဲစခန်းနဲ့ ဥပဒေရုံးက တရားရုံးက နာမည်အဆိုးဆုံး ထွက်တယ်ပေါ့နော်။ ထွက်တယ်ဆိုတာ ဘယ်သူရယ် ဘယ်ဝါဆိုတာ ပြောတာ မဟုတ်ဘူး။ တတိုင်းပြည်လုံးအနေအထားအရ တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေတယ် ဆိုတဲ့အကြောင်းတွေ ပြောပြတာ။ ရဲစခန်းကလည်း ဘာဖြစ်လဲဆိုတော့ ဥပမာ နယ်ထိန်းတွေ ရှိတယ်။ နယ်ထိန်းတွေက ရပ်ကွက်တွေထဲမှာ ပြည်သူ့လုံခြုံရေး၊ သတင်းရရှိရေးအတွက် သူတို့ ဆင်းရတယ်။ ရပ်ကွက်မှု ထူးခြားမှုအဆင့်အရ။ အဲဒီမှာ သူတို့က ဘာလုပ်ရလဲဆိုတော့ ရဲသတင်းပေး ဆိုတာ မွေးရတာတွေ ရှိတယ်။ အမှုတခု ဖြစ်တဲ့အခါကျတော့ ပြည်သူတွေဘက်က ဘာတွေ ချို့ယွင်းချက်ရှိလဲ ဆိုတော့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အင်မတန် ဗဟုသုတနည်းပါးတယ်။ တိုင်းရုံးကို မသွားချင်ဘူး။ ရဲစခန်းကို မသွားချင်ဘူး။ အဲဒီလိုအခါမျိုးမှာ သတင်းပေး သို့မဟုတ် နယ်ထိန်း စသဖြင့်ပေါ့လေ။ သူတို့နဲ့ ဆက်သွယ်ပြီးတော့ ဒီအမှုတော့ ဘယ်လို ဖြစ်တယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လောက်ပေးရမလဲ ဆိုတာ စပြီးတော့ ပြောတယ်။ ပြောတဲ့အခါမှာ ဒါတွေ မလုပ်ဖို့ ဆိုတဲ့ဟာတွေက ကျနော်တို့ တားမြစ်ထားတာ ရှိတယ်။ အန်ကယ်တို့သွားမယ့် နိုင်ငံတော်သစ်ကို စပြီးသွားတဲ့အခါမှာ အုပ်ချုပ်ရေးလိုင်းမှာဆိုရင် ရဲစခန်းက ပြည်သူနဲ့ အထိတွေ့ရဆုံးလည်း ဖြစ်တယ်။ ပင်လည်း ပင်ပန်းတယ်ပေါ့။ ဒါတွေက အန်ကယ်တို့ ရှင်းပြခဲ့တယ်။ ရဲစခန်းမှာကျတော့ ရဲစခန်းရဲ့ အနေအထားပေါ့။ သူတို့မှာလည်း ဖွဲ့စည်းပုံ ပြည့်၊ မပြည့်ပေါ့။ ရန်ကုန်တိုင်း  ရဲတပ်ဖွဲ့မှာ၊ မြို့နယ်တော်တော်များများမှာ အင်အားပြည့် မရှိကြဘူး။ အန်ကယ်တို့ မြို့နယ်မှာဆိုရင် ရဲသားတယောက်က ပြည်သူ ထောင့်နှစ်ရာကို ထိန်းသိမ်းရတဲ့သဘော ရှိတယ်။ လှိုင်သာယာလိုနေရာမျိုးကျတော့ ရဲသားတယောက်က ပြည်သူ သုံးထောင့်ငါးရာကို ထိန်းသိမ်းရတဲ့သဘော ရှိတယ်။ အဲဒီတော့ ဆိုလိုတာက မမျှဘူးပေါ့ကွယ်။ ရဲသားတယောက်က ပြည်သူ လေးရာကျော်ကို ထိန်းသိမ်းရတယ်ဆိုတာ ပါတယ်။ ပုံမှန်အနေအထားပေါ့။ အဲဒီမှာ ရဲတပ်ဖွဲ့အင်အားတွေ မပြည့်ဘူး။ ပြည့်အောင် ခေါ်တော့လည်း ရဲထဲကို မဝင်ချင်ကြဘူး။ ဘာဖြစ်လို့ မဝင်ချင်ကြလဲဆိုတော့ ရဲက ၂၄ နာရီ တာဝန်ယူရတယ်။ တာဝန်ယူရတဲ့အခါမှာ အခုဆိုရင် ပိုင်းလော့ပရောဂျက်တွေ လုပ်နေတဲ့အခါကျတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပိုလုပ်ရတာတွေ ရှိတယ်။ သူတို့က ညဘက် ၈ နာရီမှာ လုံခြုံရေးထွက်ရတယ်။ မနက် ၄ နာရီမှာ ပြန်ရောက်တယ်။ ပြန်ရောက်ပြီးတော့ ခဏတဖြုတ် နားရတယ်။ ၉ နာရီလောက်ကျရင် တခါ အိပ်ရာပြန်ထရပြန်ရော။ ထပြီးတော့မှ ရဲတပ်ဖွဲ့ရဲ့ ရုံးလုပ်ငန်းတွေကို လုပ်ရတယ်။ ၂ နာရီမှာ လမ်းကြောင်းတွေပေါ်ရင် လမ်းကြောင်းတွေ၊ ဒါမှမဟုတ်လည်း သက်ဆိုင်ရာကို အထူးတာဝန်ပေးရင် တာဝန်ပေးထားတဲ့ကိစ္စတွေ ရှိတဲ့အခါကျတော့ သူတို့မှာ နားနေချိန် အင်မတန်နည်းတယ်။ နောက်တခုက နားနေချိန် နည်းလို့ ရတဲ့ နားနေချိန်လေးမှာ အေးအေးချမ်းချမ်းလေးနဲ့ အိပ်ရမယ့်အချိန်မှာ ကောင်းကောင်းမွန်မွန် မအိပ်နိုင်ဘူး။ အဲဒါတွေကို အန်ကယ်တို့က မြို့နယ် ၄၄ မြို့နယ် ပြီးသွားပြီဆိုရင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကို အစီရင်ခံရမယ်။ ကျနော်တို့ တရားရုံးတွေ၊ ဥပဒေရုံးတွေ၊ ရဲစခန်းတွေ သွားကြည့်တဲ့အခါမှာ ဒီလိုမျိုးတွေ မြင်ပါတယ်။ ကျနော်တို့က ဒီလို တိုက်တွန်းပြောဆိုခဲ့တယ်။ တော်တော်များများက လိုက်နာဆောင်ရွက်ကြတယ်။ ဒါပေမယ့် သူတို့မှာ ဝန်ထမ်းမလုံလောက်တာတို့၊ အဆောက်အအဦ မကောင်းတာတို့ အခက်အခဲတွေ ရှိတယ်။ ဒါတွေကိုတော့ သက်ဆိုင်ရာအစိုးရကနေပြီးတော့ အလျင်အမြန် ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်ဆိုတာ အန်ကယ်တို့ တင်ပြမှာပါ။

မေး - ဟုတ်ကဲ့ရှင့်။ တိုင်ကြားစာ၊ အသနားခံစာ စိစစ်ရေးကဏ္ဍကိုကျတော့ အဘတို့အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမှုတွေ ပြုလုပ်လဲ အဘ။

 ဖြေ - အန်ကယ်တို့က တိုင်ကြားစာတွေမှာ များသောအားဖြင့်တော့ အလုပ်သမားနဲ့ ကုမ္ပဏီနဲ့ ဖြစ်တာတွေလည်း ရှိတယ်။ အစုံပေါ့ကွယ်။ အဲဒီလိုနေရာမျိုးမှာ ကုမ္ပဏီကနေပြီးတော့ အဆောက်အဦတခုကို ဆောက်ဖို့ အလုပ်သမားတွေ ငှားတယ်။ ငှားပြီးတော့ လုပ်တဲ့အခါမှာ အဆောက်အဦက ပြီးသွားပြီ။ အလုပ်သမားခတွေ မရှင်းပေးတာတွေ ရှိတယ်။ ဒါကတော့ အလုပ်သမားဘက်က အင်မတန်နစ်နာတဲ့ကိစ္စတွေပေါ့လေ။ ကုမ္ပဏီတခုမှာဆိုရင် အန်ကယ်တို့က ကုမ္ပဏီနဲ့လည်း ဆက်သွယ်တယ်။ အလုပ်သမားတွေနဲ့လည်း ဆက်သွယ်တယ်။ ပြီးတော့ အန်ကယ်တို့ကိုယ်တိုင် အဲဒီကုမ္ပဏီကို သွားပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးတဲ့အခါမှာ သူတို့ဘက်က ပေးရန်ကျန်တဲ့ ကိစ္စတွေပေါ့။ သူတို့ဘက်က အကြောင်းပြတာတွေက အဆောက်အဦနဲ့ပတ်သက်ပြီးတော့ စာရင်းစစ်ကြေးတို့၊ ဘာတို့ ချန်ထားတာတွေ ရှိတယ်။ အဲဒီငွေထဲကနေ သူတို့ ပေးပါမယ်။ အလုပ်သမားနဲ့ပတ်သက်ပြီး တာဝန်ခံထားတဲ့ပုဂ္ဂိုလ်က နည်းနည်း အလုပ်သမားအပေါ်မှာ မလိမ့်တပတ် လုပ်ထားတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း အန်ကယ်တို့ ရှင်းပေးလိုက်တဲ့အတွက် သူတို့ရဲ့ လုပ်အားခတွေ အကုန်ပြန်ရတာတွေ ရှိပါတယ်။ အဲဒီလိုအမှုတွေကတော့ တခုနဲ့တခု မတူကြပါဘူး။ မတူတဲ့အထိုက်အလျောက်ပဲ အန်ကယ်တို့က အကောင်းဆုံးဖြစ်အောင် လုပ်ပေးတယ်။ ဒါ ရှင်းလို့ရတဲ့ ကိစ္စပေါ့နော်။ ရှင်းလို့မရတဲ့ကိစ္စတွေကျတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်ဆိုတဲ့ အန်ကယ်တို့ရဲ့ သဘောထားထင်မြင်ချက် မှတ်ချက်တွေပေးပြီးတော့ ပြန်ပို့ပေးလိုက်ပါတယ်။ ပို့တဲ့အခါကျတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ရောက်မယ်လေ။ အရေးပေါ် ဆောင်ရွက်မှုတွေ သူတို့ လုပ်ကြမယ်ပေါ့။

 မေး - ဟုတ်ကဲ့။ အခု အဘတို့ တာဝန်ယူထားတဲ့ သက်တမ်းကာလအတွင်းမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဘယ်လောက်အထိ ဆောင်ရွက်သွားဖို့ရှိလဲ။ ပြီးတော့ ဘာတွေလုပ်ဆောင်သွားဖို့ စီစဉ်ထားတာရှိလဲ။ အဲဒါလေးလည်း ပြောပြပေးပါဦး။

 ဖြေ - အန်ကယ်တို့က ခုနက သမီးကို ပြောခဲ့သလိုပေါ့။ မြို့နယ်အဆင့်တွေ အားလုံး အန်ကယ်တို့ သွားစစ်မယ်။ ပြီးရင် ရန်ကုန်တိုင်းထဲမှာ ခရိုင်အဆင့်တွေကို အန်ကယ်တို့ စစ်မယ်။ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်မှု ရှိ၊ မရှိ။ အန်ကယ်တို့ လေ့လာစုံစမ်းတာပါ။ အမှုနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ တရားစီရင်ရေးကို အန်ကယ်တို့က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ အဲဒါပြီးရင် တိုင်းအဆင့်ပေါ့နော်။ ရန်ကုန်တိုင်းတရားရုံးနဲ့ တွေ့မယ်။ တွေ့ပြီးတော့ ဒီလိုပဲ ပြောကြဆိုကြမယ်။

 မေး - ဟုတ်ကဲ့ရှင့်။ အဘတို့ ကော်မတီအနေနဲ့ ဒီဗွီဘီကနေတဆင့် ပြည်သူတွေကို ဘာတွေများ ထပ်ဆင့်မှာကြားလိုတာတွေများ ရှိပါလဲ။

 ဖြေ - အန်ကယ်တို့ မှာကြားချင်တာကတော့ ပြည်သူတွေက တရားရုံးနဲ့ပတ်သက်တဲ့ ဗဟုသုတ နည်းပါတယ်။ တရားရုံးကို ကြောက်ကြတယ်။ ရဲစခန်းကို ကြောက်ကြတယ်။ အဲဒီတော့ အန်ကယ်တို့လည်း ပြောခဲ့ပြီးပြီ။ ရောက်တဲ့ ရုံးတိုင်း၊ ဥပဒေရုံးတိုင်း၊ ရဲစခန်းတိုင်းမှာ ပြည်သူတွေက အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့အမှုကတော့ ဒီလိုဖြစ်နေတယ်။ ဒါကတော့ ဒီလိုဖြစ်နိုင်တယ်။ ဘာကြောင့် ဘယ်လို ဖြစ်တတ်လဲ ဆိုတဲ့ မသိလို့ လာရောက်မေးမြန်းတဲ့ ကိစ္စတွေအပေါ်မှာတော့ ဥပဒေကြောင်းကို နားလည်အောင် ရှင်းပြပေးပါ။ ဒါမှလည်း ပြည်သူက တရားရုံးနဲ့ ရဲစခန်း၊ ဥပဒေရုံးကို ယုံကြည်လာပြီးတော့ တရားရေးမှာလည်း ဖြောင့်မတ်အောင် လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ပိုပြီးလွယ်ကူမယ်လို့ အန်ကယ်တို့လည်း မှာခဲ့တာတွေ ရှိတယ်။ အဲဒီတော့ ပြည်သူတွေကို မှာကြားချင်တာကတော့ အမှုတခုဖြစ်ရင် တရားရုံးကို သွားပါ။ မကြောက်ပါနဲ့။ ရဲစခန်းကိုလည်း သွားပါ။ အမှုဖွင့်ရမယ့်ကိစ္စဆိုရင် ဖွင့်ပါ။ မဖွင့်ပေးဘူးဆိုရင် အန်ကယ်တို့ကိုလည်း တိုင်ကြားလို့ရတယ်။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းကိုလည်း တိုင်ကြားလို့ရတယ်။ ပြည်သူကို အဓိကပြောချင်တာကတော့ ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံးကို မကြောက်ပါနဲ့။ ဘာပိုက်ဆံ အခကြေးငွေမှလည်း ပေးစရာမလိုပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အန်ကယ်တို့ ရောက်တဲ့ မြို့နယ်တိုင်းမှာလည်း ဒီလိုပဲ ရှင်းပြခဲ့တယ်။ ဒါတွေကို မလုပ်ပါနဲ့။ အဂတိလိုက်စားတယ် ဆိုတာဟာ ဘာသာရေးအရလည်း မကောင်းဘူး။ လူမှုရေးအရလည်း မကောင်းပါဘူး။ နောက်တခုက ဒီလာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီဆိုတာ ဖွဲ့ပြီးတော့ကို အရေးယူဆောင်ရွက်ဖို့ ရှိနေတဲ့အခါကျတော့ တချို့ဆိုရင် တရားရုံးတွေမှာ ပင်စင်သွားခါနီးတွေလည်း ရှိတယ်။ ကိုယ့်ရဲ့ ကျန်တဲ့သက်တမ်းလေးတခုပေါ်မှာ တသက်လုံး လုပ်ခဲ့တာတွေဟာကို အမည်းစက်မဖြစ်ပါစေနဲ့။ ကိုယ့်သမိုင်းကိုယ် ကောင်းအောင်လုပ်ပါ။ ဆိုတာတွေလည်း အန်ကယ်တို့က မှာကြားပြီး ဖြစ်တဲ့အတွက် ပြည်သူက ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံးကို လုံးဝကြောက်စရာ မလိုပါဘူး။ အခက်အခဲရှိရင် အန်ကယ်တို့ကို ပြောပါ။ ပြောတဲ့အခါကျမှ အန်ကယ်တို့က လည်း ကူညီပေးမယ်။ ပြည်သူလည်းပဲ အဲဒီကျတော့မှ ဥပဒေနဲ့ပတ်သက်တဲ့ အသိဉာဏ်တွေ ပေါ်လာမယ်။ နောက်တခုက တရားရုံးတွေကနေပြီးမှ ဘယ်လိုအမှုမျိုး ဆိုတာ ဘယ်လိုဆိုတဲ့ ပန်းဖလက်လေးတွေ ပေးထားတာလည်း အများကြီး ရှိပါတယ်။ ဒါတွေက ဥပမာ လှိုင်သာယာရုံးမှာဆို အများကြီး။ ဒီအတိုင်း စားပွဲပေါ်မှာ တင်ထားတာပေါ့နော်။ ကြိုက်တဲ့သူ ဖတ်ပါဆိုတာတောင် စိတ်ဝင်စားမှု နည်းတယ်။ အမှုဖြစ်လာမှသာ ပြည်သူက ရဲစခန်းနဲ့ တရားရုံးကို သွားချင်တယ်။ တရားရုံးကို သွားတယ်၊ ရဲစခန်းကို သွားတဲ့အခါမှာလည်း အရင်တုန်းကညာဉ်တွေ မပျောက်ဘူး။ ဘယ်သူ့ကို ပိုက်ဆံဘယ်လောက်ပေးရမလဲ။ တရားသူကြီးက ဘယ်လောက်လဲ။ ဒီအမှုက နိုင်မှာလား၊ ရှုံးမှာလား စသဖြင့်ပေါ့နော်။ ကိုယ့်အတွေးနဲ့ကိုယ် မှားယွင်းစွာ လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိတယ်။ တချို့ကိစ္စတွေမှာ တရားရုံးက အမှုကိုင် ကြန့်ကြာတယ်။ ကြန့်ကြာတဲ့အကြောင်းရင်းတွေက ခုနကပြောသလို တရားလို၊ တရားခံ ရုံးချိန်းမှာ မလာဘူး။ ရှေ့နေက မလာဘူး။ သက်သေတွေ လာမထွက်ဘူး ဆိုတဲ့အခါမှာ ထွက်ဆိုချက်တွေ မပြည့်စုံရင် တရားရုံးက စီရင်ချက်ချလို့မရပါဘူး။ အဲဒီဟာတွေ ပြည့်စုံဖို့အတွက် ကိုယ်က သက်သေလိုက်ရမယ့် အမှုမှာလည်း လိုက်ပါ။ မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ပြောပါ။ ဒီအမှုမှာ ကျနော်က ဘယ်လိုမြင်တယ်။ ကျနော့်ရှေ့မှာ ဘယ်လိုလုပ်လိုက်တယ် ဆိုတဲ့အခါမှာ တရားရုံးက တရားစီရင်တဲ့အခါမှာလည်းပဲ ပိုမိုလွယ်ကူသွားတဲ့အနေအထားတွေ ရှိမှာမို့လို့ ပြည်သူက ဘာကိုမှ ကြောက်စရာမလိုပါဘူး။ ပြည်သူရဲ့ အခွင့်အရေးအတိုင်းပဲ လုပ်ကိုင်ဆောင်ရွက်ပါလို့ ပြည်သူကို အန်ကယ်က တိုက်တွန်းချင်ပါတယ်ကွယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024